PAN ၏ ကျန်းမာရေးကဏ္ဍ


လတ်တလောမှာ အဖြစ်များနေတဲ့ မျက်စိနာ၊ မျက်မှေးရောင်ရောဂါကို ကာကွယ်မှုပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ် ။အဆိုပါ မျက်စိရောဂါ ရဲ့ ရောဂါလက္ခဏာများအနေနဲ့ မျက်စိနီရဲခြင်း၊ မျက်ဝတ်များထွက်ခြင်း၊ မျက်စိ ယားယံခြင်း၊ မျက်စိနာကျင်ရောင်ရမ်းခြင်း၊ မျက်ရည် ယိုခြင်း နဲ့အလင်းရောင် မကြည့်နိုင်ခြင်းတို့ဖြစ်နိုင်ကာ ဖြစ်ပွားချိန် ၅ ရက်မှ ၇ ရက်အထိ ကြာမြင့်တတ်တယ်လို့ ဖော်ပြထားပါတယ်။
မျက်စိနာ၊ မျက်မှေးရောင်ရောဂါက ကူးစက်မှုမြန်ဆန်နေတာကြောင့် အလွယ်တကူ ကူးစက်မှု မခံရစေရန် ကြိုတင်ကာကွယ်နိုင်ဖို့ ရောဂါဖြစ်သူရဲ့ အသုံး အဆောင်များကို ကိုင်တွယ်သုံးစွဲခြင်း၊ နီးကပ်စွာအတူနေထိုင် ခြင်းတွေ ကို အထူးသတိပြု ရှောင်ရှားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ဒါ့အပြင် ကျောင်း သားတစ်ဦးမှ စာသင်ခန်းအတွင်းရှိ ကျောင်းသားများသို့လည်းကောင်း၊ မိခင်မှ ကလေးသို့ လည်း ကောင်း၊ ကူးစက်မှုမျိုးလည်း ဖြစ်ပွားနိုင်တာကြောင့် ပြည်သူလူထုများအနေဖြင့် မျက်မှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါ မပြန့် ပွားရလေအောင် အသုံးအဆောင်များကို အခြားသူများနှင့် အတူသုံးစွဲခြင်းကို လုံးဝမပြုလုပ်ရဘူးလို့လည်း သိရပါတယ်။
မျက်စိနာရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ ဗိုင်းရပ်စ်ပိုးနဲ့ထိတွေ့မှသာ ကူးစက်မှု ဖြစ် ပွားပါတယ်။ မျက်စိကို လက်ဖြင့်ပွတ်သပ်ပြီး ပစ္စည်းတွေ ကိုယ်တွယ်ထားရင် ထိုပစ္စည်းတွေကို တစ်ခြားသူက ကိုင် တွယ်မိပြီး မျက်စိကို ပွတ်သပ်မိရင်ကူးစက်နိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးကြည့်မိယုံဖြင့် မျက်စိနာရောဂါက မကူးစက်နိုင်ကြောင်း သိရသည်။
မျက်စိနာသူအနေနဲ့ လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်ရှူးစက္ကူကို အသုံးပြုသင့်ပြီး ရောဂါဖြစ်သူရဲ့ အဝတ် အစားများကိုလည်း သီး သန့်လျှော်ဖွတ်သန့်စင်ရန်လိုကြောင်း၊ ရောဂါဖြစ် ပွားပါက မျက်စိနာသူရဲ့ မျက်လုံး တစ်ဝိုက်ကို သန့်ရှင်းရေး ပြုလုပ်ပေးပြီး မျက်ရည်တုမျက် စဉ်း ဆေးရည်(Artificial Tear Eye Drops)ကို တစ်နေ့ ၃ ကြိမ် မှ ၄ ကြိမ် အထိ ခတ်နိုင်ကြောင်း၊မျက်စိကို သန့်ရှင်းရေးမလုပ်မီ မျက်စဉ်း ခတ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေး ကြောပေးဖို့နဲ့ ရောဂါမသက်သာပါက နီးစပ်ရာဆေးရုံ ၊ ဆေးခန်းများနှင့် မျက်စိကုသဌာနတို့တွင် ပြသရမှာ ဖြစ်သလို ရောဂါဖြစ်သူတွေအနေနဲ့လည်း အခြားသူများကိုမကူးစက်စေရန်နဲ့ မျက်စိကိုမကိုင်မိစေရန် အကာအကွယ် မျက်မှန်တပ်ထားဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
#PAN