ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၇/၅ မိုင် နှင့် ၇၇/၆မိုင် အကြားတွင် မိုးကောင်းကင်ခရီးသည်တင် Express ကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိမြောင်းထဲသို့ထိုးကျ

ဩဂုတ် ၂၁

       ယနေ့ မွန်းလွဲ ၃ နာရီ ၄၀မိနစ်အချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၇၇/၅ မိုင် နှင့် ၇၇/၆မိုင် အကြားတွင် ရန်ကုန် – နေပြည် တော်ပြေးဆွဲနေသော ရန်ကုန်ဖက်မှ နေပြည်တော် ဖက်သို့  ယာဥ်မောင်း ထွန်းထွန်းဝင်းမောင်းနှင်လာသော မိုးကောင်းကင်ခရီးသည်တင် Express ကား အဖြူရောင်ယာဉ်တစ်စီးသည် ခရီးသည်များတင်ဆောင်၍ မောင်းနှင်းလာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိမြောင်းထဲသို့ထိုးကျမှုဖြစ်ပွားကြောင်းသိရသည်။

         ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်စုစုပေါင်း ၁၆ ဦးအနက် ကျား ၁ ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျား ၅ ဦးနှင့် မ ၅ ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိကာ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအမြန်လမ်းမကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အမျိုးသမီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ညနေ ၅ နာရီခန့်တွင် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လွှဲပြောင်းခဲ့ရကြောင်းသတင်းရရှိသည်။

“ဖြစ်တာကဟုတ်ပါတယ် အခုဒဏ်ရာလူနာတွေကိုမြို့ချောင်းဆေးရုံကိုပို့ပေးနေပါတယ် ကျား ငါးဦး မ ငါးဦး၊ မ သုံးဦးကို ပဲခူးဆေးရုံကြီးကို အရေးပေါ်လွှဲပြောင်းလိုက်ပါတယ် ကျားတစ်ဦးကအခင်းဖြစ်နေရာမှာ သေဆုံးပါတယ် “ဟု ကူညီကယ်ဆယ်နေသူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

       အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ပရဟိအဖွဲ့များမှ ကူညီခဲ့ကြောင်းသိရသည်။

#PAN