ကန့်ဘလူမြို့နယ်၌ PDF များထောင်ထားသည့် မိုင်းနင်းမှုကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ် ၁၂

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာနေရာ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များ ထောင် ထားသည့် မိုင်းနင်းမှုကြောင့် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ ထွက်ခွာလာသော “ဝင်းမေတ္တာ” ခရီးသည်ယာဉ်တစ်စီးသည် အခင်းဖြစ်နေရာအရောက်၌ ခရီးသည်များကျန်းမာရေးအပေါ့အပါးသွားရန် မော်တော်ယာဉ်ကို ခေတ္တရပ်ပေးခဲ့ရာမှ လမ်းဘေးအပေါ့အပါးသွားသည့်ခရီးသည်များအနက် အမျိုးသမီး ၁ ဦးမှ မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုကြောင့် စစ်ကိုင်းမြို့နယ်၊ ရေတွင်းခေါင်းကျေး ရွာတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ်အမျိုးသမီး၊ ကောလင်းမြို့နယ်၊ ဆပ်သွားချောင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနှင့် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ အသက် ၈ နှစ်အရွယ်အမျိုးသမီးငယ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မော်တော်ယာဉ် ယာဘက်ခြမ်းရှိ မှန်တစ်ချပ်ကွဲသွားခဲ့ကြောင်း သိရသည်။

      PDF အမည်ခံအကြမ်းဖက်သမား များသည် စစ်မြေပြင်မဟုတ်သော အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများတွင် ယခုလို မိုင်းထောင်ခြင်းသည် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးစေနိုင်သည့် လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံ တကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသော ပြဌာန်းချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သိရသည်။

#PAN