အင်းစိန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်း ပေါက် ကွဲမှုဖြစ်ပွား ၂ ကြိမ်ဖြစ်ပွား

ဩဂုတ် ၁၁

      ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောက်လုပ်ပေးသော ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းအတွင်း ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ယာဘက်ဂိုးတိုင်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး ဂိုးတိုင်ပျက်ဆီးသွားကြောင်းနှင့် ဝဲဘက်ဂိုးတိုင်အနီးတွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

      နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ ဝဲဘက်ဂိုးတိုင်အနီး မသင်္ကာဖွယ်အထုပ် ၁ ထုပ်၏ ပတ်ဝန်းကျင်အား လုံခြုံ ရေးဆောင်ရွက်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအားရှင်းလင်း နိုင်ရေးအတွက် နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင်များ မရောက်ရှိမီ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဘောလုံးကွင်း၏ ဝဲဘက်ဂိုးတိုင်အနီးရှိ မသင်္ကာဖွယ်အထုပ် ၁ ထုပ်မှ ဒုတိယအကြိမ်ထပ်မံ ပေါက်ကွဲခဲ့ပြီး ဂိုးတိုင်ပျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ တာဝန်ရှိသူများမှ သွားရောက်ရှိရှင်းလင်း စစ်ဆေးရာ PVC ပိုက် ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ကြောင်း  ပေါက်ကွဲမှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမူ မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဂိုးတိုင် ၂ တိုင်၏ တန်ဖိုးငွေကျပ် ၆ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်လုပ်မိုင်း လာရောက်ထားသွားသူအား ပူးပေါင်းအဖွဲ့မှ စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN