မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ဘီးလင်းမြစ်ရေ ထပ်မံမြင့်တက်လာသဖြင့် ကယ်ဆယ်ရေးစခန်း(၂၇)ခုအထိ ဖွင့်လှစ်ထားရ

သြဂုတ် ၈

     ယခု ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေးကြီး ရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိပါ သည်။

    ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့် မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ်၏ မိုးလေဝသ တိုင်းတာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၂၃ cm တွင်ရပ်တန့်လျက်ရှိပြီး နတ်ကြီးနှင့် မဲပလီ တို့တွင် မိုးသည်း ထန်စွာရွာသွန်းလျက်ရှိသောကြောင့် တောင်ကျရေများပြီး ညနေ ၆ နာရီခွဲအချိန်မှစ၍ စိုရိမ်ရေအမှတ်ကျော်လွန်ကာ မြစ်ရေပြန်လည်မြင့်တက်ခဲ့ပါသည်။

       ယနေ့ နံနက် ၁၀ နာရီခွဲအချိန် တိုင်းတာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၇၁ cm ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ထက် ၄၉ cm ပိုမိုကျော်လွန်လျက် မိုးရေချိန် ၁.၈၅ လက်မ ရွာသွန်းခဲ့ကြောင်း သိရပါသည်။

           မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူ အိမ်ခြေ (၁၇၇၁)လုံး၊အိမ်ထောင်စု (၁၇၇၈)စု ၊ လူဦးရေ (၈၃၃၅)ဦးအား ကယ်ဆယ်ရေးစခန်း(၂၇)ခု ဖွင့်လှစ်၍ ယာယီရွှေ့ပြောင်းထားရှိလျက်ရှိပါသည်။

        အဆိုပါ မြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန် – မော်မြိုင်ကားလမ်းမကြီးပေါ်သို့ အရှည် ပေ (၂၀၀)ခန့် အနက်(၈)လက်မခန့် ရေကျော်ဖြတ် သန်းစီးဆင်းလျက်ရှိသောနေရာ (၄)နေရာရှိသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာလျက်ရှိပါသည်။

        ရေဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးနှင့် လမ်းမကြီးပေါ်သွားလာလျက်ရှိသော ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပိတ်ဆို့မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်၊ရဲတပ်ဖွဲ့၊ပြည်သူလုံခြုံရေးအဖွဲ့၊ယာဉ်ထိန်းတပ်စု၊မီးသတ်၊တာဝန်ရှိဌာနဆိုင်ရာများနှင့် ပရဟိတလုပ်အားပေးပြည်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN