ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ် ပြန်လည်သုံးသပ်ရေးဆိုင်ရာ မိန့်ခွန်းပြောကြား

သြဂုတ် ၃

       ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့တွင် ၃၁-၇- ၂၀၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသော နျူက လီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံများ၏ (၁၁)ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပထမအကြိမ် ကြို တင် ပြင်ဆင်ရေး ကော်မတီအစည်းအဝေး၏ မူဝါဒဆိုင်ရာအထွေထွေဆွေးနွေးမှု (General Debate) ၌  ၂-၈-၂၀၂၃ ရက်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

     မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံသည် NPT စာချုပ်နှင့်အညီ  နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးမူဝါဒကို အစဉ်ကိုင်စွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းဆောင်ရွက်ချက်အဖြစ် အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်သဘောတူစာချုပ် (SEANWFZ) အကောင် အထည်ဖော်မှု ပိုမိုခိုင်မာစေရေးအတွက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကြိုးပမ်းလျက်ရှိကြောင်း၊ NPT ၏ အပိုဒ် (၇)နှင့်အညီ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်များ ထူထောင်လိုသည့် အခြားဒေသများကိုလည်း ထောက်ခံကြောင်း၊ မြန်မာနိုင်ငံသည် “နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (TPNW)” ကို ၂၀၁၈ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းစာချုပ်သည် NPT ကို များစွာအထောက်အကူပြုပြီး အရေးပါမှုရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အတည်ပြု ပါဝင်ထားသော “နျူကလီယားစမ်းသပ်မှုအလုံးစုံတားမြစ်ရေးသဘောတူစာချုပ်(CTBT)” သည်  NPT စာချုပ်ကို များစွာအထောက်အကူပြုမည်ဖြစ်ရာ ယင်းစာချုပ် အာဏာသက်ဝင်လာရေးအတွက် အဓိကကျသည့် စာချုပ်၏နောက်ဆက်တွဲ(၂)ပါ နိုင်ငံများက ဆောလျင်စွာ အတည်ပြုပေးကြစေလိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခွင့်ရှိသည့်အားလျော်စွာ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ IAEA ၏ မြန်မာနိုင်ငံသို့ နည်းပညာအကူအညီများပံ့ပိုးပေးလျက်ရှိမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအဖြစ် မြန်မာနိုင်ငံသည် “နျူက လီးယားမတော်တဆမှု (သို့မဟုတ်) ဓာတ်ရောင် ခြည် ပြန့်ပွားမှုအရေးပေါ်အခြေအနေတွင် ကူညီထောက်ပံ့ရေးဆိုင်ရာ ကွန်ဗင်းရှင်း (The Assistance Convention)” ကို ၄-၁၀-၂၀၂၂ ရက်တွင် စတင်ပါဝင် (Accede) ခဲ့ကြောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးဖြစ်လာရေးအတွက် စာချုပ်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ စုပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံ၏ အပြည့်အဝသံန္နိဋ္ဌာန်ချထားမှုကို ထပ်လောင်းအတည်ပြုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

#PAN