(ပြည်တွင်း) ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မော်ဧရာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လပွတ္တာခရိုင်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများ၊ မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ ပြည်သူများ၏ မြေယာဆိုင်ရာအခွင့်အရေးများကို ဥပဒေနှင့်အညီ အာမခံနိုင်ရေး၊ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် မြေငှားဂရန်နှင့် ပုံစံ(၇)များ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက တန့်ငူကျေးရွာအုပ်စုရှိ ပြည်သူများအား ကျေးရွာမြေငှားဂရန်များ၊ ရေတွင်းကုန်းကျေးရွာနှင့် မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ကြပြီး ဒေသခံကိုယ်စားလှယ်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တာဝန်ရှိသူများသည် ကျေးရွာမြေငှားဂရန် ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
Telegram- t.me/positiveanglenews
#PAN