(မှုခင်း) ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ငွေကျပ် ၆၂၈၈ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ၁နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် လမ်းလျှောက်လာသူ ကောင်းထိုက်ကျော် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၄၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၂၇ သိန်း)၊ ကက်တမင်း အလေးချိန် ၁၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၆ သိန်း)၊ အက်တက်စီဆေးပြား ၁၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရမွန်းလွဲ နာရီအချိန်က စည်သူကျော်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်တွင် ကက်တမင်း အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ညနေ၆နာရီ အချိန်တွင် မလှသန္တာအား သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် အက်တက်စီဆေးပြား ၄,၃၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၁၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ ကောင်းထိုက်ကျော်(၃၇)နှစ်၊ စည်သူကျော်(၃၉)နှစ် နှင့် မလှသန္တာ(၃၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်၁၁နာရီ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် ကျော်မြင့်သန်း မောင်းနှင်ပြီး အောင်ဝင်း၊ သိန်းရွှေ နှင့် ဘကျော် တို့လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် ဇော်အောင် မောင်းနှင်ပြီး သက်ဇင်(ခ)အောင်အောင် နှင့် မောင်အေးလှိုင် တို့လိုက်ပါလာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ TOYOTA IPSUM ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၉၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၈၀၀)နှင့် လက်ကိုင်ဖုန်း ၉ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
၎င်းဖမ်းဆီးရမိတရားခံ ကျော်မြင့်သန်း(၃၅)နှစ်၊ အောင်ဝင်း(၂၇)နှစ်၊ သိန်းရွှေ(၆၂)နှစ်၊ ဘကျော်(၄၇)နှစ်၊ ဇော်အောင်(၄၉)နှစ်၊ သက်ဇင်(ခ)အောင်အောင်(၅၀)နှစ် နှင့် မောင်အေးလှိုင်(၅၅)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။