မိုးရာသီချေးငွေ တိုးမြှင့်ထုတ်ချေး၊ လယ်ယာနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို အားပေးနေဟို

(စီးပွားရေး) ဇူလိုင် ၂၈

စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့မှ ယခုနှစ် မိုးရာသီချေးငွေများကို တိုးမြှင့်ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် သီးခြားစီ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ချောမွေ့စေရန်၊ ဘဏ်များ၏ အသွင်သဏ္ဌာန်နှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန်၊ ဘဏ်ဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရေးအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်နှင့် အဂတိတရားကင်းရှင်းစေရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့်ကြီးကြပ်သွားရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲအတွင်း ဝန်ထမ်းများ၏ တင်ပြချက်များကိုလည်း ပြည်ထောင်စုဝန်ကြီးက နားထောင်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)၊ ကျောက်တံတားမြို့နယ်ရှိ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးနှင့် အကောက်ခွန်ဦးစီးဌာနရုံးချုပ်များမှ ဝန်ထမ်းများနှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက “သက်ဆိုင်ရာဦးစီးဌာနများအလိုက် နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ရရှိစေရေး၊ လေလွင့်မှုမရှိစေရေး၊ အခွန်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှစ်အတွက် အခွန်ငွေ သတ်မှတ်လျာထားချက်များကို ပြည့်မီကျော်လွန်စေရေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်” ဟု မှာကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN