Wanger ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ၏ လက်နက်ကိုင်ပုန်ကန်မှုနောက်ဆုံးအခြေအနေ

ဇွန် ၂၅

     Wanger ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က ယူကရိန်းစစ်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးအပါအဝင် ရုရှားစစ်ဘက်ခေါင်းဆောင်များအပေါ် လပေါင်းများစွာ ပြင်း ပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကို ဖြုတ်ချရန် ရုရှားစစ်တပ်တွေ ကို ပြန်တိုက်ဖို့သောကြာနေ့က မော်စကိုသို့ ဦးတည်သွားခဲ့ပါတယ်။

     ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီး ယူကရိန်းကို တိုက်ခိုက်ရာ မှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တဲ့ Wanger ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က ရုရှားရဲ့ အဓိက ကျတဲ့  Rostov-on-Don နဲ့  Voronezh မြို့နှစ်ခုကိုလည်း သိမ်းယူလိုက်ပါတယ်။ Wanger ကြေးစားတပ်ဖွဲ့ က သိမ်းယူလိုက်တဲ့ ဒီမြို့နှစ်ခုက ရုရှားသမ္မတပူတင် ရှိနေတဲ့ မော်စကိုနဲ့ သိပ်မဝေးလှတော့ပါဘူး။

     ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ယူကရိန်းစစ်ပွဲမှာ လက်နက်ခဲယမ်းတွေ အချိန်မီ မပေးပို့ခဲ့တာ၊ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် Wanger ကြေးစားစစ်တပ်ဖွဲ့ဝင်တွေအများအပြား သေဆုံးစေခဲ့တာကြောင့် ရုရှားစစ်တပ်အကြီးအကဲတွေကို ဖြုတ်ချဖို့   Wanger ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် Yevgeny Prigozhin က မော်စကိုကို ချီတက်မယ်လို့ ကြွေးကြော် လိုက်တာဖြစ်ပါတယ်။

      အဲဒီကြွေးကြော်မှုနဲ့အတူ ရုရှားစစ်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၂ မြို့ကို စတင်သိမ်းယူပြီး မော်စကိုဆီကို သူ့တပ်တွေက ဦးတည်ခဲ့ပါတယ်။ 

     ရုရှားသမ္မတ ပူတင်ကတော့ Wanger ကြေးစားတပ်ရဲ့ အပြုအမူတွေကို လက်နက်ကိုင် ပုန်ကန်မှုအဖြစ် အရေးပေါ်မိန့်ခွန်းပြောကြားပြီး
ကြေညာခဲ့ပါတယ်။ ကျူးလွန်သူတွေကိုလည်း ထိထိ ရောက်ရောက် အရေးယူဖို့၊ အကြမ်းဖက် နှိမ်နင်းရေးတွေလုပ်ဖို့ စစ်တပ်ကို အမိန့် ပေးလိုက်ပြီဖြစ်တဲ့အကြောင်း  မိန့်ခွန်းမှာ ထည့်သွင်းကြေ ညာသွားပြီး မော်စကိုမှာ လုံခြုံရေးတွေ အပြည့်ချထားလိုက်ပါတယ်။ ရုရှားဝန်ကြီးချုပ်  Dmitry Medvedev က Wanger တပ်ဖွဲ့၏ စစ်ရေး လှုပ်ရှားမှုကို အာဏာသိမ်းရန်ကြိုးပမ်းမှုအဖြစ်ထုတ်ပြန်‌ ပြောဆိုခဲ့ပါတယ်။ ရုရှားစစ်တပ်က တံတားများ၊လမ်းများဖြတ်တောက်ခြင်း၊ ကျင်း တူးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ကာ Wanger တပ်ဖွဲ့ကို တားဆီးရန် ကြိုးပမ်းခဲ့ပါတယ်။

      Prigozhin နဲ့ ပူတင်တို့က  ၁၉၉၀ ခုနှစ်ကတည်းက မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး  ပူတင် သမ္မတဖြစ်လာပြီးတဲ့နောက် ရုရှားအစိုးရအတွက် အစားအသောက်ဝန်ဆောင်မှု ကန်ထရိုက်စာချုပ်တွေရရှိပြီး Prigozhin ကြွယ်၀ချမ်းသာလာပါတယ်။ သူ့ကို ပူတင်ရဲ့ စားဖိုမှူးလို့တောင် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။

        Prigozhin က ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်အဖြစ်သို့ အသွင်ပြောင်းလဲခြင်းက ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းရှိ Donbas မှာ  ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးလှုပ်ရှားမှု ဖြစ်လာတဲ့ ၂၀၁၄ ခုနှစ် မှာ  Prigozhin က  Wagner ကြေးစားစစ်တပ်ကို ထူထောင်ခဲ့တဲ့အခါ ရုရှား စစ်တပ်ကလည်း Wanger အဖွဲ့ကို စစ်ရေးအကူအညီနဲ့ လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။

    Prigozhin ရဲ့  Wagner ကြေးစားစစ်တပ်က ယူကရိန်းတင်မကဘဲ  ဗဟိုအာဖရိကသမ္မတ နိုင်ငံ၊ ဆူဒန်၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ ဆီးရီးယား နိုင်ငံတွေမှာပါ ပါဝင်တိုက်ခိုက်ခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ကျူး လွန်ခဲ့တယ်လို့ အမည်ဆိုးထွက်ခဲ့ပါတယ်။

       ၂၀၂၂ ခုနှစ် Prigozhin ရဲ့ Wanger တပ်တွေက ယူကရိန်းကို ရုရှားက အထူးစစ်ဆင်ရေးပြုလုပ်ရာမှာ ရှေ့တန်းကပါဝင်တိုက်ခိုက်ပြီး အထူးသဖြင့် Wagner တပ်ဖွဲ့က ယူကရိန်းအရှေ့ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။ Soledar၊ Bakhmut ရဲ့ အရှေ့မြောက်ဘက်မိုင်အနည်းငယ်နှင့်မြို့ပတ်၀န်းကျင်ဒေသတွေကို သိမ်းပိုက်ရာမှာ အဓိက ပါဝင်ခဲ့ပါတယ်။ Yevgeny Prigozhin က  ရုရှားရဲ့  ယူကရိန်းအထူးစစ်ဆင်ရေးမှာ နောက်ကွယ်ကနေ မထင်မရှားပဲ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တာကို တွေ့ရပါတယ်။

    အဲဒီနောက် Prigozhin က ယူကရိန်းစစ်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကြောင့် ရုရှားစစ်တပ်ခေါင်းဆောင်တွေကို  ပြတ်ပြတ်သားသားဝေဖန်သူဖြစ်လာပြီး ပူတင်ကို အခက်တွေ့စေခဲ့ပါတယ်။

    ယူကရိန်းအရှေ့ပိုင်းမြို့ကို တိုက်ခိုက်ရာမှာ ရုရှားအစိုးရနဲ့စစ်တပ်ရဲ့ လက်နက်၊ခဲယမ်း အပါ အဝင် အကူအညီတွေ ထောက်ပံ့မှုမလုံလောက်လို့ တစ်လကျော်ကြာ စောဒကတက်ခဲ့ပြီးနောက် မေလမှာ ယူကရိန်းကနေ Wanger တပ်တွေ ပြန်ဆုတ်ခွာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် Wanger ကြေးစားစစ်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်
ရုရှားစစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့ ကြွေးကြော်ပြီး မော်စကိုမြို့တော်ကို ချီတက်ခဲ့ပါတယ်။

     ထိုသို့  ရုရှားစစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟု ကြွေးကြော်ထားတဲ့ Wanger ကြေးစားတပ်ဖွဲ့က ရုရှားနိုင်ငံ၊မော်စကိုမြို့တော်သို့ ဆက် လက် ချီတက်နေစဥ်မှာဘဲ ဘယ်လာရုစ်နိုင်ငံသမ္မတ လူရှန်ကာ ရဲ့ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် တပ်များကို ဆက်လက်မချီတက်တော့ဘဲ ယမန်နေ့က နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။

    ဘီလာရုစ်သမ္မတက ကြားဝင်ညှိနှိုင်းပေးလို့ Wagner တွေဟာသူတို့တပ်စခန်းတွေဆီပြန်ဖို့သဘောတူကြတယ်။ လတ်တလော ရုရှားနိုင်ငံတွင်း ပုန်ကန်မှုပြဿနာက သွေးထွက်သံယိုမှုမရှိဘဲ အေးအေးချမ်းချမ်းဖြင့် ပြေလည်သွားခဲ့ပါတယ်။ ဒီလို ပြဿနာပြေလည်သွားခဲ့တဲ့အပေါ် ရုရှားပြည်သူတွေအနေနဲ့ ပြည်တွင်းညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်လို့ ဝမ်းသာဝမ်းမြောက်ဖြစ်ကြရပါတယ်။

     သို့သော်လည်း ရုရှားသမ္မတ ပူတင်နဲ့ ရုရှားဝန်ကြီးချုပ်  Dmitry Medvedev က လက်နက် ကိုင် ပုန်ကန်မှု၊ အာဏာသိမ်းရန် ကြိုးပမ်းမှု စတဲ့အမှုများဖြင့် ထိထိရောက်ရောက် အရေးယူဖို့ ကြေညာချက်ထားခဲ့တဲ့အပေါ် Prigozhin ကို ဘယ်လို ဆက် လက်အရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ စောင့်ကြည်ရအုံးမှာဖြစ်ပါတယ်။

Source; Reuters,RT

#PAN