(၂၀)ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

ဇွန် ၁

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Hilton Hotel တွင် ၂၉-၅-၂၀၂၃ ရက်မှ ၃၀-၅-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီး ကိုယ်စား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Dato’ Sri Amran Mohame d Zin နှင့် အာဆီယံဆိုင်ရာ ကနေဒါအဆင့်မြင့်အရာရှိကြီး (Canada’s Senior Official to ASEAN) ဖြစ်သူ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Assistant Deputy Minister) Mr. Weldon Epp တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံ တို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် အာဆီယံဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ၊ အာဆီယံ-ကနေဒါ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ချဉ်းကပ်မှု သဘောတရား စာတမ်း၊ အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲထုတ်ပြန်ချက် မူကြမ်းရေးဆွဲနေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

   ထို့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် အစားအစာ ဖူလုံရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးဖူလုံရေး၊ ပင်လယ်ပြင်၌ တရားမဝင် ငါးဖမ်းမှု တိုက်ဖျက်ရေး၊ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေး၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများ၌ အာဆီယံ ဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စ၊ ကနေဒါက အာဆီယံသို့ ပေးအပ်သည့် ၎င်း၏ SEED (Scholarships and Educational Exchanges for Development) ပညာသင်ဆုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဉီးစားပေးနယ်ပယ်အလိုက် တိုးမြှင့်ပေးအပ်ရေးကိစ္စ၊ လာမည့် စက်တင်ဘာလ၌ အာဆီယံ-ကနေဒါ ထိပ်သီးအစည်းအဝေး ကျင်းပရေးကိစ္စ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေးကို မဟာဗျူဟာအဆင့်သို့ တိုးမြှင့်ရေးကိစ္စနှင့် အာဆီယံနှင့်ကနေဒါ အကြား ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

    အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်မှ “Science၊ Technology and Innovation” ကဏ္ဍတွင် မြန်မာကိုယ်စားလှယ်မှ ဦးဆောင်ဆွေးနွေးခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Science, Technology and Innovation (STI) အမျိုးသားအဆင့်မူဝါဒ၊ နည်းဗျူဟာနှင့် လမ်းပြမြေပုံများကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးသည့် နိုင်ငံများမှ ပညာရှင်များ၏ အကူအညီနှင့် နည်းပညာတို့ကို ရယူကာ သုတေသနပညာရှင်များ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ STI လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာသင်တန်းများသို့ သင်တန်းသားများ စေလွှတ်တက်ရောက်စေပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်​ပြန်ထားပါသည်။

#PAN