ဆောင်းသီးနှံ ကုလားပဲနှင့်ကျန်းမာရေး

ကုလားပဲတွင် အာဟာရဓာတ် ပေါကြွယ်ဝလှသည်။ ဈေးနှုန်းချိုသာစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် အမဲသားနှင့် ကုလားပဲတို့တွင်  တူညီသော အာဟာရဓာတ်ရှိသည်။ ထို့ကြောင့် သက်သတ်လွတ် အမြဲစားသူများအနေဖြင့် ကုလားပဲကို   မဖြစ်မနေ စားပေးသင့်သည်။ ထို့ပြင် ကုလားပဲတွင် ကစီဓာတ်နှင့်အသားဓာတ်တို့ အဓိကပါဝင်နေကြသည်။ ကာဗိုဟိုက်ဒရိတ် ခေါ်  ကစီဓာတ်ကို ကော်ဓာတ် ဟုလည်းခေါ်သည်။ ကစီဓာတ်သည် ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ်သကဲ့သို့ သွားလာ လှုပ်ရှားမှုနှင့် အသက်ရှင်နေထိုင်မှုတို့အတွက် အင်အားအများဆုံးပေးသော ဓာတ်လည်းဖြစ်သည်။ ထိုမျှမက ကုလားပဲသည် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေ၍ ခန္ဓာကိုယ်မွမ်းမံမှု၊ သွေးသားညီညွတ်မှုတို့ကိုလည်း ၎င်းကစီဓာတ်က စွမ်းဆောင်ပေး နိုင်သည်။ 

အသားဓာတ်သည် ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်သော ဓာတ်ဖြစ်သည်။ တစ်နည်းဆိုသော် လူ့ခန္ဓာကိုယ် သည် အသားဓာတ်များစုစည်းထားသည့် အစိုင်အခဲကြီးတစ်ခုဖြစ်သည်။  ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ၊ အရေပြားများ၊ ဆံပင်၊ မျက်စိ၊ နား စသည်တို့သည် အသားဓာတ်များဖြစ်ကြပြီး သွားများမှာလည်း အသားဓာတ်အနည်းငယ်ပါဝင်နေသည်။ လူသားတို့ အသက်ရှင်ရေးအတွက် ရေကလွဲလျှင် ဒုတိယမြောက် အရေးအကြီးဆုံးဓာတ်မှာ အသားဓာတ်ဖြစ်သည်။ ခန္ဓာကိုယ်တောင့်တင်းရေး၊ အသားတည် ဆောက်မှုအားပေးရေး၊ သွေးသားဆူဖြိုးတိုးတက်စေရေး၊ ဦးနှောက်၊ နှလုံး၊ အသားမျှင်များ၊ ကျောက်ကပ်နှင့် အကြောများ မပျက်စီးစေရန်နှင့်  ရောဂါဘယ အလွယ်တကူ မကျရောက်စေရန် ကာကွယ်ရေးလုပ်ငန်းများကို အသားဓာတ်က တာဝန်ယူ ဆောင်ရွက်ပေးသည်။

ကလေးများတွင် အသားဓာတ်မလုံလောက်ပါက ကြီးထွားမှုရပ်ဆိုင်းပြီး အရပ်ပုကာ လူစဉ်မမီဖြစ်တတ်သလို အရွယ်ရောက်ပြီး သူတွေမှာ အသားဓာတ်လုံလောက်စွာမရရှိပါက အင်အားကုန်ခန်းပြီး ကိုယ်စိတ်နှလုံးပင်ပန်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ရောဂါ ရလွယ် ခြင်းတို့ဖြစ်တတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ ပျက်စီးချို့ယွင်းနေသော အသားအရေရုပ်ကလာပ်များကို ပြန်လည်ဖွဲ့စည်း ထူထောင်ပေးသော အသားဓာတ် ရရှိနိုင်သော ကုလားပဲကို စားသုံးပေးသင့်သည်။

ကုလားပဲနှင့် မြန်မာ့ဆေးကျမ်းအမြင်

ကုလားပဲနှင့်ပတ်သက်၍ မြန်မာဆေးကျမ်းများတွင် ယခုလို တခမ်းတနားဖော်ပြထားကြောင်း လေ့လာမှတ်သားရသည်။

ဥတုဘောဇနသင်္ဂဟကျမ်းတွင် – ကုလားပဲသည် အေး၏။ အဆီသြဇာမရှိ။ သွေး၊ သည်းခြေ၊ သလိပ်တို့ကိုနိုင်၏။ ကြေလွယ်၏။ စဉ်းငယ်ဖန်၏။ ဝမ်းချုပ်၏။ လေကိုပျက်စေ၏။ အဖျားကိုနိုင်၏။ ကုလားပဲကို လှော်သည်ဖြစ်စေ၊ ဆီနှင့်ကြော်သည်ဖြစ်စေ ဤအကျိုးကိုရ၏။ အစိမ်းအတိုင်းလှော်အပ်သော ကုလားပဲသည် အားကိုပြုတတ်၏။ နှုတ်ကို မြိန်စေတတ်၏။ အခြောက်ကို လှော်အပ်သော ကုလားပဲသည် အဆီသြဇာမရှိ။ လေနူနာတို့ကို ပွားများစေတတ်၏။ ပြုတ်ပေါင်းအပ်သော ကုလားပဲသည် သလိပ်၊ သည်းခြေကိုနိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးတုန်လှုပ်ခြင်းကို ပြုတတ်၏။ ကုလားပဲအစိမ်းသည် နူးညံ့၏။ နှုတ်ကို မြိန်စေတတ်၏။ သည်းခြေ၊ သုက်တို့ကို နည်းစေတတ်၏။ အေး၏။ ဖန်၏။ လေကိုပျက်စေတတ်၏။ ဝမ်းချုပ်၏ဟု ဆိုထားသည်။

ဇီဝိတဝဃနဆေးကျမ်းတွင်- ကုလားပဲသည် ဆိမ့်၏။ ဖန်၏။ အတော်ကြေခဲ၏။ ဝမ်းကိုပွစေတတ်ပြီးလျှင် လေပုပ်များကို လှည့်စေတတ်၏။ သို့သော် မန်ကျည်းမှည့်အနှစ်ကို မထင်ရှားအောင် အနည်းငယ်မျှခတ်စားလျှင် အစာကြေ၍ ဆီးဝမ်းအမှန်သွား၏။ တစ်နည်းအားဖြင့် ကုလားပဲဟင်းချက်၍  တစ်ဝက်ကျက်သောအခါ ရှိန်းခိုနံ့မထင်ရှားစေအောင် အနည်းငယ်မျှ ခတ်၍ ချက်လျှင် အစာကြေ၏။ ဆီး၊ ဝမ်းကိုမှန်စေ၏။ ပါစကမီးကို အထူးအားပေး၏။ ကုလားလူမျိုးတို့၌ ယင်းကို မဆလာနှင့်ချက်စားခြင်းမှာ အစာကြေ၍ သင့်လျော်လျောက်ပတ်၏ဟု ဆိုထားသည်။ 

ရှုတော်မူဆေးအဘိဓာန်တွင်- ကုလားပဲစေ့သည် အေး၏။ စဉ်းငယ်ဖန်၏။ သွေး၊ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ ဝမ်းနှင့်လေကို ချုပ်စေတတ်၏။ အဖျားကို နိုင်၏။ ယင်းကုလားပဲကို ဆီနှင့်ကြော်စားရမည်။ ဤကဲ့သို့ ပြုလုပ်သုံးဆောင်မှသာလျှင် လိုအပ်သော အကျိုးတို့ကိုရမည်။ ယင်းအစိမ်းအတိုင်းလှော်၍စားမူ နူနာကို ပွားစေတတ်၏။ ပြုတ်၍စားမူ သည်းခြေကိုနိုင်၏။ ကုလားပဲ အစိမ်းသည် သည်းခြေနှင့် သုက်ကို နည်းစေတတ်၏ဟု ဆိုထားသည်။

ကုလားပဲကို ကြက်ဥအစားထိုးစားသုံးစေလို

ရံဖန်ရံခါ ကြက်စာဈေးတက်ခြင်းကြောင့် ကြက်ဥဈေးနှုန်းလည်း မြင့်တက်လာသည့်အတွက် စားသုံးသူများမှာ အခက်ကြုံ ရတတ်သည်။ ကြက်ဥမစားနိုင်၍ စိတ်မညစ်စေလိုပါ။  ကြက်ဥနည်းတူ အာဟာရပြည့်ဝစေမည့် ကုလားပဲရှိသည်။ မိမိလက်တစ်ကမ်း တွင် အလွယ်တကူ ဝယ်၍ရသော ဈေးနှုန်းမကြီး၊ ကရိကထလည်းမများ၊ မိသားစုအားလုံးပျော်ပျော်ပါးပါး စားနိုင်သည့် ဆေးနည်း တစ်ဖုံရှိပါသည်။ ဆေးဖော်နည်းက မခက်ပါ။  ညအိပ်ရာဝင်ခါနီး ကုလားပဲအစိမ်းမှုန့်  လက်ဖက်ရည်ဇွန်းသုံးဇွန်းနှင့် ၎င်းဆတူ ရေသန့် လက်ဖက်ရည်ဇွန်းသုံးဇွန်း ၃ : ၃ ကို ဖန်ခွက်တစ်ခုထဲထည့်ပြီး   ၎င်းစိမ်ရည်ကို   နံနက်အိပ်ရာထသောက်ပါ။ ကုလားပဲအစိမ်းမှုန့် အလွယ်တကူ မရနိုင်ပါက ကုလားပဲခြမ်းအစိမ်းကို အသက်အရွယ်အလိုက် မိမိလက်တစ်ဆုပ်စာပမာဏကို ရေတစ်ဖန်ခွက်  ညသိပ်စိမ်ပြီး နံနက်အိပ်ရာထမှာ အရည်ရောအဖတ်ပါ အားလုံးစားပါ။ ဤနည်းက ကြက်ဥကြီးကြီး တစ်လုံးစားခြင်းနှင့် ညီမျှသည်။

အချုပ်အားဖြင့်ဆိုသော် ကုလားပဲက တောင်သူဦးကြီးများအတွက် ဆောင်းသီးနှံဖြစ်သော်လည်း ကုန်စည်ဒိုင်များတွင် သိုလှောင် ရောင်းချကြသဖြင့် ၁၂ လရာသီပတ်လုံး ကုလားပဲကို ဝယ်ယူစားသုံးနိုင်ကြသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာလမှာ မိမိလက် တစ်ကမ်းတွင် အလွယ်တကူဝယ်ယူရနိုင်သော လူတန်းစေ့စားသုံးနိုင်သည့် တန်ဖိုးနည်း ကုလားပဲများကို  မိသားစုပျော်ပျော်ပါးပါး စားသုံးခြင်းဖြင့် ကြက်ဥစားသကဲ့သို့ အာဟာရဖြစ်စေနိုင်ပါလိမ့်မည်။ သို့သော် အဆစ်အမျက်ကိုက်ခဲ ဂေါက်ရောဂါရှိသူ၊ လေးဖက်နာ ရောဂါရှိသူ၊ အကြောတက်ရောဂါရှိသူ၊ အစာမကြေရောဂါ၊ ကိုယ်ရောင်ရောဂါရှိသူများအနေဖြင့် လွန်ဘေးမဖြစ်စေရန် ကုလားပဲကို အသင့်အတင့်မျှသာ  မှီဝဲစားသုံးကြစေလိုပါသည်။