System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေးမေတ္တာရပ်ခံခြင်း

(ပြည်တွင်း) စက်တင်ဘာ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ် ပိုမိုကြံ့ခိုင်လာစေရေး အားဖြည့်တည်ဆောက်နေစဉ်အတွင်းမှာပင် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုနိုင်စေရန်အတွက် တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ 

ယနေ့အချိန်တွင် အချို့သော မဟာဓာတ်အားလိုင်းကြီးများ ဖျက်ဆီးခံထားရချိန်ဖြစ်သဖြင့် ကျန်ရှိနေသောဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများကို ဆတိုး၍သယ်ဆောင်ထားနေရသည့် အခြေအနေဖြစ်ပါသည်။ 

ယင်းသို့ ဝန်ပိုများကို ကြာရှည်စွာ သယ်ဆောင်ထားရသည်နှင့်အမျှ ဝန်သယ်ကြိုးများတွင် ဒဏ်ဖြစ်ပေါ်လာပြီး ဝန်သယ်နိုင်အား လျော့ကျလာလျက်ရှိပါသည်။

 ပို၍ဆိုးသည်မှာ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ်လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှ အကာအကွယ်ရရှိနိုင်ရန်အတွက် တာဝါတိုင်များတွင် တပ်ဆင်ထားသည့် မြေစိုက်ကြိုး (Earth Wire) များကို ဖြတ်၍ခိုးယူခြင်း၊ တာဝါတိုင်အခြေမှ သံပေါင်များ၊ ဘို့နပ်များကိုဖြုတ်၍ ခိုးယူခြင်းများကြောင့် ဓာတ်အားစနစ်သည် မိုးကြိုးလျှပ်စီးဒဏ်မှ အကာအကွယ်မဲ့သွားပြီး ဝန်သယ်ကြိုးများတွင် ဒဏ်များပိုမိုဖြစ်ပေါ်လာ၍ ပြတ်ကျခြင်း၊ တာဝါတိုင်များသည် ကြံ့ခိုင်မှုအားနည်းသွားပြီး အလိုအလျောက် (သို့မဟုတ်) သာမန်လေပြင်းတိုက်ရုံမျှဖြင့် ပြိုလဲခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။ 

ထို့အပြင် ဘို့နပ်များကို ဖြုတ်ယူနိုင်ခြင်းမရှိစေရန်အတွက် အချို့နေရာများတွင် လျှပ်စစ်ဂဟေဖြင့်ဆက်၍ ဆောင်ရွက်နေရခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယင်းနေရာတွင် သံချေးစား၍ တာဝါတိုင်ကျိုးပြတ်ခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ 

ယင်းဖြစ်စဉ်များသည် နိုင်ငံတော်ဓာတ်အားစနစ်၏ အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်ပြီး ဓာတ်အားစနစ်တစ်လျှောက် မကြာခဏအပြစ်ဖြစ်ပေါ်၍ နေရာဒေသအလျောက် ဓာတ်အားပြတ်တောက်ခြင်း၊ အချို့အချိန်များတွင် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်၍ System Breakdown ဖြစ်ခြင်းတို့၏ အဓိကအကြောင်းတရားများဖြစ်သည်ကို တွေ့ရှိရပါသည်။

 System Breakdown ဖြစ်ပေါ်သည်နှင့် ဝန်ထမ်းများသည် အချိန်ကာလ၊ နေရာဒေသမရွေး ချက်ချင်းအပြစ်ရှာဖွေပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပြန်လည်ရရှိသည့်နေရာမှာ မိနစ် ၃၀ ကြာမြင့်ပြီး အချို့နေရာဒေသများတွင် ၅ နာရီခန့် ကြာမြင့်သည်ဖြစ်ရာ နိုင်ငံတော်တွင် ကြီးမားသောနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိပါသည်။

 သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြပါရန်နှင့် နှောင့်ယှက်ဖျက်ဆီးသူများကို ဖော်ထုတ်သတင်းပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ 

Telegram – t.me/positiveanglenews

#PAN