(ပြည်တွင်း) နိုဝင်ဘာ ၁၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၈/၃ အနီးတွင် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် TOYOTA KLUGER အမျိုးအစား အနက်ရောင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းရှိ အကာအရံများကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၅ မိနစ်ခန့်က နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်သည် အခင်းဖြစ်နေရာ မိုင်တိုင် ၁၄၈/၃ အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်း၌ တပ်ဆင်ထားသည့် အကာအရံများကို ဝင်တိုက်မိပြီး လက်ဝဲဘက်ယာဉ်ကြောပေါ်သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး လိုက်ပါလာခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း လမ်းလယ်ကျွန်းရှိ အကာအရံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် လက်ဝဲဘက်ယာဉ်ကြောကို ယာယီပိတ်ထားကာ ယာဉ်နှင့် အပျက်အစီးများ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းပေါ်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တအနားယူရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် (Seat Belt) ကို မဖြစ်မနေ ပတ်ထားရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN