(မှုခင်း) နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် ကုန်တင်ယာဉ်နောက်တွဲကို ခြောက်ဘီးဗင်ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ ဗင်ကားမောင်းသူ သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က မယင်းလေးအိမ်စုကျေးရွာ၊ ဆင်ဖြူတော်ထမင်းဆိုင်ရှေ့ရှိ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၄၃/၂ နှင့် ၄၃/၃ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာ၌ ညအိပ်ရပ်နားထားသည့် FAW အမျိုးအစား နောက်တွဲယာဉ်ကို ပဲခူးဘက်မှ ဘုရားကြီးဘက်သို့ မောင်းနှင်လာသော မှော်ဘီမြို့နယ်နေ ဦးအောင်ဇော်လင်း (၃၂ နှစ်) မောင်းနှင်သည့် ISUZU ခြောက်ဘီးဗင်ကားက အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဗင်ကားမောင်းသူ ဦးအောင်ဇော်လင်းသည် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ရပ်တန့်ထားသည့် ယာဉ်ပေါ်ပါ ဦးဝင်းကျော်ကျော်နှင့် ဦးအောင်မြင့်စိန်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN