တောင်ကြီး-ဟိုပုံးကားလမ်းတွင် WY စိတ်ကြွဆေးပြား ၂,၀၀၀ နှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ဟိုပုံးသွားကားလမ်းတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဟမ်းခြောက်ကျေးရွာအနီးတွင် စောင့်ဆိုင်းစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် ခွန်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို တားဆီးရှာဖွေခဲ့ရာ ၎င်းဝတ်ဆင်ထားသည့် မိုးကာအင်္ကျီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါသည့် အထုပ် ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂,၀၀၀ ပြားနှင့် အလေးချိန် ၁၈၀ ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခွန်ထွန်းအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။