
(မှုခင်း) နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၃ ပြားနှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက အင်းတကော်မြို့၊ အမှတ် (၆) ရပ်ကွက်၊ (၆) လမ်းသွား (ရွှေပြည်လမ်းသစ်) လမ်းမဘေးတွင် မူးယစ်တပ်ဖွဲ့စု (၃၆) (ပဲခူး) နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ ကျော်ကျော်အောင် (ခ) ဒူးကြီး၊ အသက် ၂၈ နှစ်ထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၈ ပြားနှင့် ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ၎င်း၏ထွက်ဆိုချက်အရ ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ ကိုကိုထွန်း (ခ) ကိုထွန်း၊ အသက် ၆၅ နှစ်၏ နေအိမ်ကို ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏ကိုယ်ပေါ်နှင့် နေအိမ်အိပ်ခန်းအမိုးကြားတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅ ပြား၊ ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၈၃ ပြား လက်ဝယ်ထားရှိမှု၊ ရောင်းချမှုတို့ဖြင့် ကျော်ကျော်အောင် (ခ) ဒူးကြီးနှင့် ကိုကိုထွန်း (ခ) ကိုထွန်းတို့နှစ်ဦးအား အင်းတကော်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။