(ပြည်တွင်း) နိုဝင်ဘာ ၁၃
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ ကုန်တင်ယာဉ်တစ်စီး လမ်းအပြည့် ကန့်လန့်ဖြတ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မှ မန္တလေးသို့ သွားသည့်လမ်း၊ မိုင်တိုင်အမှတ် ၃၃၈/၇ နှင့် ၃၃၉/၀ ကြားတွင် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး လိုက်ပါလာသည့် အဖြူရောင် FAW ကုန်တင်ယာဉ် (2T-5870) သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်းအိပ်ငိုက်ကာ ယာဉ်ကို လမ်း၏ညာဘက်သို့ ဆွဲချမောင်းနှင်မိခဲ့သည်။
ထို့နောက် လမ်းပေါ်သို့ ရုတ်တရက်ပြန်ကွေ့တက်စဉ် လမ်းဘေးမြေသားလမ်းပေါ်ရှိ မိုင်တိုင်ကို ဝင်တိုက်မိပြီး စလစ်ဖြစ်ကာ လမ်းအပြည့် ကန့်လန့်ဖြတ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း လမ်းမိုင်တိုင်တစ်ခုနှင့် လမ်းလယ်ရှိ အကာအရံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းပေါ်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တအနားယူရန်၊ ယာဉ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် (Seat Belt) ကို မဖြစ်မနေ ပတ်ထားရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN