(မှုခင်း) နိုဝင်ဘာ ၁၃
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီးတွင် မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ဘိန်းစိမ်း ၈၇.၁ ကီလိုကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီး၌ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် ဇော်ပိုင် (ခ) ကိုပိုင် မောင်းနှင်ပြီး သူရဇော် (ခ) နစ်ကြီး လိုက်ပါလာသည့် TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်းအလေးချိန် ၈၇.၁ ကီလို၊ ဒေသကာလတန်ဖိုး ကျပ် ၆၉၆.၈ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ပိုင် (ခ) ကိုပိုင်၊ အသက် ၂၁ နှစ်နှင့် သူရဇော် (ခ) နစ်ကြီး၊ အသက် ၃၂ နှစ်တို့အား သာဝတ္ထိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN