(လွှတ်တော်) နိုဝင်ဘာ ၁၂
နွေ၊ မိုး၊ ဆောင်း ရာသီမရွေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၄ နာရီ စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အချိန်ကာလကို အတိအကျသိရှိလိုကြောင်းနှင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် တစ်ရွာလုံးသုံး ဆိုလာဓာတ်အားပေးစနစ် တည်ဆောက်နိုင်ရေးအတွက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပေးရန် ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက မေးမြန်းခဲ့သည်။
ထို့ပြင် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံး (EPC) များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ထရန်စဖော်မာ၊ Breaker နှင့် ဓာတ်အားလိုင်းများဆိုင်ရာ အရေးပေါ်အခြေအနေများကို အချိန်မီသတင်းပို့နိုင်ရန် Emergency Call Center များ ပြန်လည်ဖွင့်လှစ်ပေးရေး အစီအစဉ်ရှိ၊ မရှိကိုလည်း ၎င်းက ထပ်ဆင့်မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းချက်များနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လက်ရှိတွင် ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်ပေးနိုင်သည့် ဓာတ်အားပမာဏအကြား လိုအပ်ချက်များပြားနေသည့် အခြေအနေရှိကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေတိုကာလအတွင်း အကောင်အထည်ဖော်နိုင်မည့် ဆိုလာ၊ ကျောက်မီးသွေးသုံးနှင့် လေအားသုံး ဓာတ်အားပေးစနစ်များကို ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် သောကြာနေ့က ဖိုရမ်တစ်ခုကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့အပြင် ၂၀၃၅-၂၀၃၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၄၅-၂၀၄၆ ဘဏ္ဍာရေးနှစ်တို့အတွက် ရည်မှန်းချက်များနှင့် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး လက်ရှိ Demand Forecast အရ ခန့်မှန်းထားသည့် ဓာတ်အားလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မည့် အခြေအနေတို့အပေါ် မူတည်၍ Generation Mix ကို ရေးဆွဲအကောင်အထည်ဖော်နေကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
ကျေးလက်ဒေသများတွင် ဆိုလာဓာတ်အားပေးစနစ် အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ လက်ရှိ ဓာတ်အားလိုင်း မရောက်ရှိသေးသည့် ဒေသများ၊ ကျေးရွာများနှင့် အစုအဖွဲ့များတွင် ဆိုလာစနစ်ဖြင့် ဓာတ်အားပေးနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အသေးစားဆိုလာစနစ်များ အကောင်အထည်ဖော်၍ ဓာတ်အားပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သည့်ပုံစံဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းခဲ့သည်။
ဓာတ်အားထုတ်လုပ်မှု ပမာဏနှင့် ဓာတ်အားစနစ်ချိတ်ဆက်မှုဆိုင်ရာ လုပ်ပိုင်ခွင့်များကိုလည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့ရာ ဓာတ်အားစနစ်နှင့် ချိတ်ဆက်မှုမရှိသည့် မဂ္ဂါဝပ် ၃၀ နှင့် ၃၀ အောက် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်ပြီး ယင်းအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ မဂ္ဂါဝပ် ၃၀ အထက် ထုတ်လုပ်မည့်လုပ်ငန်းများအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် လာရောက်ဆွေးနွေးကာ ဓာတ်အားစနစ်အတွင်း ချိတ်ဆက်မည့်ကိစ္စများကို ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်းခဲ့သည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ ပြည်သူများ၏ တိုင်ကြားချက်များကို လက်ခံဖြေရှင်းပေးရေးအတွက် Call Center များ ဖွဲ့စည်းထားရှိမှုကိုလည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။
ယခင်က မြို့နယ်အလိုက် တပ်ဆင်ထားသည့် တယ်လီဖုန်းများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ လိုင်းချို့ယွင်းမှုနှင့် မီးသုံးစွဲသူများ၏ တိုင်ကြားချက်များကို လက်ခံဖြေရှင်းပေးခဲ့သော်လည်း တိုင်ကြားမှုများ တစ်ပြိုင်နက်တည်း များပြားလာသည့်အခါ မြို့နယ်အင်ဂျင်နီယာများနှင့် မန်နေဂျာများ၏ ဖုန်းများ အလုပ်များနေပြီး အခြားပြည်သူများ ဆက်သွယ်ရန် အခက်အခဲရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းအခက်အခဲကို ဖြေရှင်းရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းတို့အပါအဝင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများတွင် Call Center များ ဖွဲ့စည်းထားပြီး ဝန်ထမ်းများက အချိန်ပြည့်တာဝန်ယူကာ ပြည်သူများ၏ တိုင်ကြားချက်များကို လက်ခံနားထောင်၍ သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်အကြောင်းကြားကာ ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း ဖြေကြားခဲ့သည်။
ထို့အတူ ဝန်ကြီးဌာနအဆင့်တွင်လည်း Complaint Center နှင့် တာဝန်ကျဝန်ထမ်းများထားရှိပြီး အချိန်ပြည့်ဖွင့်လှစ်ကာ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးများသို့ ဆက်သွယ်အကြောင်းကြား၍ တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းနောက် ဦးမောင်မောင်စိုးက ထပ်ဆင့်မေးမြန်းရာတွင် ၂၀၂၇ ခုနှစ်၌ ရာသီမရွေး ၂၄ နာရီ စွမ်းအားပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိပါက မည်သည့်နှစ်တွင် အမှန်တကယ် ဖြန့်ဖြူးပေးနိုင်မည်ကို အတိအကျ သိရှိလိုကြောင်း ပြောကြားခဲ့သည်။
ဆိုလာစီမံကိန်းများနှင့်ပတ်သက်၍လည်း အိမ်၊ ရုံးနှင့် စက်ရုံများအတွက်သာမဟုတ်ဘဲ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ၊ အထူးသဖြင့် ရွာကြီးများတွင် တစ်ရွာလုံးသုံး ဆိုလာစနစ် တည်ဆောက်လိုပါက မည်သည့်မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ကို သိရှိလိုကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပနှင့် ဖက်စပ်ဆိုလာကုမ္ပဏီများနှင့် ဆွေးနွေးလုပ်ကိုင်နိုင်ခြင်းရှိ၊ မရှိ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် မည်သည့်အဆင့်အထိ မည်သည့် Procedure၊ Process များကို လိုက်နာရမည်ဆိုသည်ကို ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
ထို့ပြင် မြို့နယ် EPC ရုံးများသို့ လျှပ်စစ်မီးပြတ်တောက်မှု၊ ထရန်စဖော်မာမီးလောင်မှု စသည့် အရေးပေါ်အခြေအနေများကို သတင်းပို့ရန် ဖုန်းဆက်သွယ်ရာတွင် Emergency Call Center မရှိသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဦးမောင်မောင်စိုးက ထောက်ပြခဲ့သည်။
ထရန်စဖော်မာများ၊ Breaker များနှင့် ဓာတ်အားကြိုးကြီးများသည် တန်ဖိုးကြီးသည့် ပစ္စည်းများဖြစ်သဖြင့် အချိန်မီသတင်းပို့နိုင်ပါက မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့် အခြေအနေများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယခင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်ဝန်းကျင် အစိုးရလက်ထက်က မြို့နယ်အလိုက် စနစ်တကျဆက်သွယ်နိုင်သည့် အစီအစဉ်များရှိခဲ့သော်လည်း ယခုအခါ ယင်းစနစ်ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် မြို့နယ် EPC ရုံးများသို့ ဖုန်းဆက်သွယ်သည့်အခါ ဖုန်းပိတ်ထားခြင်းများကြောင့် အရေးပေါ်သတင်းပို့ရန် အဆင်မပြေသည့်အတွက် မြို့နယ် EPC ရုံးတိုင်းတွင် Emergency Call Center များ ပြန်လည်အသက်သွင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိကိုလည်း ထပ်မံမေးမြန်းခဲ့သည်။

Telegram – t.me/positiveanglenews
#PAN