(မှုခင်း) နိုဝင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းမကြီးပေါ်ရှိ AAA ကားဝင်းရှေ့ တံတားအနီးတွင် နိုဝင်ဘာ ၁၁ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားကို ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါလာသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာသူ စုစုပေါင်း ၆ ဦးအနက် ယာဉ်မောင်းမှာ ကားအတွင်း ညှပ်မိနေခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး ကျန် ၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် မြဝတီမြို့အခြေစိုက် Z-Rescue (မြဝတီ) ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်လူနာတင်ယာဉ် ၃ စီးဖြင့် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံးသွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကားအတွင်း အပြင်းအထန်ညှပ်မိနေသည့် ယာဉ်မောင်းကို ကယ်ဆယ်နိုင်ရန် Hydraulic Cutter ဟုခေါ်သည့် ဟိုက်ဒရောလစ်ဖြတ်တောက်ရေးစက်များ အသုံးပြုကာ ခက်ခက်ခဲခဲ ဖြတ်တောက်ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။
ယာဉ်မောင်း၏ အသက်ကို ကယ်တင်နိုင်ရန် အခင်းဖြစ်ပွားရာနေရာ၌ပင် CPR အရေးပေါ်အသက်ကယ်ပြုစုကုသမှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာပြင်းထန်မှုကြောင့် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျန်လူနာ ၅ ဦးကိုလည်း လိုအပ်သည့် ဆေးဝါးကုသမှုများ အချိန်မီခံယူနိုင်ရန် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြဝတီပြည်သူ့ဆေးရုံကြီးသို့ အမြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN