ရှမ်းပြည်နယ်တောင်ပိုင်း ရေဘေးသင့်ဒေသများရှိ အိမ်ထောင်စု ၁၃၀ မှ လူဦးရေ ၄၆၃ ဦးခန့်အတွက် ကယ်ဆယ်ရေးအကူအညီများ ပေးအပ်

(ပြည်တွင်း) နို၀င်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများ၌ နေရာချထားပေးပြီး စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ မင်္ဂလာရွှေဘိုရပ်ကွက်နှင့် ရတနာရပ်ကွက်တို့တွင် နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ရွှေညောင်မြို့ ကုန်းလှိုင်ရှိ ဇေယျသိရီဓမ္မာရုံတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၁၀၆ စုမှ လူဦးရေ ၃၈၈ ဦးခန့် ခိုလှုံနေထိုင်လျက်ရှိသည်။

ယင်းစခန်းသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် တပ်မတော်ဆေးကုသရေးအဖွဲ့တို့ကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ညောင်ရွှေမြို့နယ် နန်းသီတာကျေးရွာရှိ စိန်ဓမ္မာရုံနှင့် ညောင်ရွှေမြို့ မြို့လယ်ရပ်ကွက် ဗောဓိညောင်ပင်ဝန်းအတွင်းရှိ စာပွဲတော်သံဃာတည်းခိုဆောင်တို့တွင်လည်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည်။

ယင်းစခန်းများသို့လည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ညောင်ရွှေမြို့ရှိ စာပွဲတော်သံဃာတည်းခိုဆောင် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၄ စုမှ လူဦးရေ ၇၅ ဦးကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းခဲ့သည့် စားနပ်ရိက္ခာနှင့် သောက်သုံးရေများမှာ ခေါက်ဆွဲခြောက် ၁,၈၀၀ ထုပ်၊ ကြက်ဥ ၁,၅၀၀ လုံးနှင့် ရေသန့်ဘူး ၁,၃၀၀ ဘူးဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ကျပ် ၃၄ သိန်း ၈ သောင်းရှိကြောင်း သိရသည်။

လက်ရှိတွင် ဖော်ပြပါ ယာယီကယ်ဆယ်ရေးစခန်းများ၌ အိမ်ထောင်စု ၁၃၀ စုမှ လူဦးရေ ၄၆၃ ဦးခန့်အတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN