(ပြည်တွင်း) နိုဝင်ဘာ ၁၀
ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည့် သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ ဂျာမနီသံရုံးယာယီတာဝန်ခံကို ခေါ်ယူသတိပေးပြောကြားခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ခေါ်ယူတွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဂျာမနီနိုင်ငံသည် ခိုင်မာသည့် ဒီမိုကရေစီစနစ်ရှိသော နိုင်ငံဖြစ်သည့်အတွက် သံရုံးယာယီတာဝန်ခံအနေဖြင့် နိုင်ငံကြီးသားပီသစွာ သံတမန်လုပ်ငန်းများကို ဆောင်ရွက်မည်ဟု မျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရက တာဝန်ယူနေပြီဖြစ်ကြောင်း၊ သံရုံးယာယီတာဝန်ခံ၏ ပြောကြားချက်သည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာရောက်သည့်အပြင် ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသည့် မြန်မာပြည်သူ ၁၃ ဒသမ ၁၃ သန်းကျော်ကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုရိုက်ကူးသည့်နေရာ ရွေးချယ်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ ပြုမူပြောဆိုဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရအပေါ် အတိုက်အခံပြုရန် အားပေးအားမြှောက်ပြုလုပ်နေသည့် အသွင်တွေ့ရကြောင်း၊ ပြည်တွင်းမငြိမ်သက်မှု ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို ဦးစားပေးဆောင်ရွက်နေချိန်တွင် ယခုလုပ်ရပ်သည် နိုင်ငံတော်တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူဖြစ်ကြောင်း တွေ့ရှိရသည်ဟုလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
အလားတူ ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ဝေဖန်နေခြင်းဖြစ်သဖြင့် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း၊ ယင်းလုပ်ရပ်ကို ပြည်သူများကလည်း နှစ်သက်လက်ခံခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် သံရုံးယာယီတာဝန်ခံအား ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) အရ စေလွှတ်သည့်နိုင်ငံ၏ သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်နှင့် ယင်းနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တာဝန်ရှိကြောင်း ဒုတိယဝန်ကြီးက ထောက်ပြခဲ့သည်။
သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် သဘောထားပြီး လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးကို အလေးထားသော်လည်း အပြန်အလှန်လေးစားမှု၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေးတို့သည် သံတမန်ဆက်ဆံရေး၏ မရှိမဖြစ်လိုအပ်သော အခြေခံမူများဖြစ်ပြီး အတိအကျလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီသံရုံးယာယီတာဝန်ခံ၏ လုပ်ရပ်သည် သံတမန်ရာထူးနှင့်အညီ ထိန်းသိမ်းစောင့်စည်းမှုနှင့် သတိပြုဆင်ခြင်မှုတို့ကို လိုက်နာမှုမရှိဟု မှတ်ယူကြောင်းနှင့် ယင်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် သံရုံးယာယီတာဝန်ခံ၏ ပြောကြားချက်၊ ပြောကြားသည့်နေရာကို ရွေးချယ်မှုနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် အများပြည်သူသို့ ဖြန့်ဝေမှုတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သလား၊ သို့မဟုတ် သံရုံးယာယီတာဝန်ခံ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်သလားဆိုသည်ကို တရားဝင်ရှင်းလင်းဖြေကြားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အလားတူ လုပ်ရပ်မျိုး ထပ်မံမလုပ်ဆောင်ရန် ပြင်းထန်စွာ သတိပေးခဲ့ပြီး ထပ်မံလုပ်ဆောင်လာပါက အိမ်ရှင်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN