(ပြည်တွင်း) နိုဝင်ဘာ ၁၀
အခြေခံပညာအဆင့် အာကာသပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာ ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလာမည့် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်သမ္မတက အလေးထားမြှင့်တင်လျက်ရှိပြီး ပြည်တွင်း၌ အာကာသနည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းနှင့် လူငယ်မျိုးဆက်သစ်များ၏ သိပ္ပံနည်းပညာဆိုင်ရာ စိတ်ဝင်စားမှုနှင့် စွမ်းရည်များ ဖွံ့ဖြိုးလာစေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည့် အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အာကာသနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးနှင့် လူငယ်ပညာရှင်များအတွက် အာကာသနည်းပညာဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် မြန်မာအာကာသအေဂျင်စီသို့ သွားရောက်ခဲ့ပြီး MAH-1 ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုစီမံကိန်း၊ ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း၊ Earth Remote Sensing နည်းပညာနှင့် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ်များကို လေ့လာခဲ့ကာ ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC) ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အာကာသနည်းပညာသည် ကမ္ဘာမြေမျက်နှာပြင်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်း၊ ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ ရယူခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးဝင်ကြောင်းလည်း လမ်းညွှန်ပြောကြားခဲ့သည်။
အာကာသနည်းပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် တရုတ်နိုင်ငံနှင့် ဂြိုဟ်တုငယ်များ လွှတ်တင်ရေး၊ အာကာသနည်းပညာပညာသင်ဆုများနှင့် စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်၊ မိုးလေဝသဆိုင်ရာ အချက်အလက်များ ရယူအသုံးချရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံနှင့်လည်း ဂြိုဟ်တုနည်းပညာ၊ လူသားအရင်းအမြစ်လေ့ကျင့်ရေး၊ မြန်မာအာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးနှင့် ဂြိုဟ်တုငယ်များ တည်ဆောက်လွှတ်တင်ရေးတို့အပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနေပြည်တော်၌ ကျင်းပသည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲသည်လည်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အခြေခံပညာအဆင့်မှစ၍ လူငယ်များ၏ သိပ္ပံနည်းပညာဆိုင်ရာ စိတ်ဝင်စားမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှငသိ အနာဂတ်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ချက်များသည် အာကာသနည်းပညာကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အခြေခံစွမ်းရည်များ တည်ဆောက်ပေးရန် နိုင်ငံတော်သမ္မတက အလေးထားဦးဆောင်ဆောင်ရွက်နေမှုကို ထင်ဟပ်ဖော်ပြနေကြောင်း သိရသည်။

Telegram t.me/positiveanglenews
#PAN