တပ်မတော်အရာရှိဟု ဟန်ဆောင်မိတ်ဆက်ခဲ့သူတစ်ဦးကို အမှုဖွင့်စစ်ဆေးနေ

(မှုခင်း) နိုဝင်ဘာ ၇

မြဝတီမြို့၊ ဒေါနအောင်မြေလမ်း၊ အမှတ် (၅) ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းဆိုသူသည် တပ်မတော်အရာရှိတစ်ဦးဖြစ်ကြောင်း ဟန်ဆောင်ပြောဆိုမိတ်ဆက်ခဲ့သည့်အတွက် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်အရ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းသည် အောက်တိုဘာ ၂၈ ရက်က မြဝတီမြို့မှ မော်လမြိုင်မြို့သို့ လာရောက်ခဲ့ပြီး မော်လမြိုင်မြို့ရှိ သံလွင်သန်းဟိုတယ်တွင် တည်းခိုရန် အခန်းငှားရမ်းစဉ် အခန်းမရရှိသဖြင့် ဟိုတယ်ဝန်ထမ်းများအား ၎င်းသည် တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး တာဝန်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုကာ အခန်းရရှိစေရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာ ၃၀ ရက်တွင် မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ “ရွှေအိမ်စည်” စားသောက်ဆိုင်၌ အသိမိတ်ဆွေများနှင့်အတူ စားသောက်နေစဉ် ၎င်းသည် တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ် (၄၇) ဆင်းဖြစ်ကြောင်း ပြောဆိုမိတ်ဆက်ခဲ့သည်။

ထို့ပြင် တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ပို့ဆောင်ရောင်းဝယ်ရာတွင်လည်းကောင်း၊ ရုံးဌာနများသို့ ရုံးလုပ်ငန်းဆောင်ရွက်ရန် သွားရောက်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက်လည်းကောင်း ၎င်းသည် တပ်မတော်အရာရှိတစ်ဦးဖြစ်ကြောင်း မိတ်ဆက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးချက်များအရ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းက တပ်မတော်အရာရှိတစ်ဦးဖြစ်သည်ဟု ဟန်ဆောင်ပြောဆိုခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့် ကြည်း၊ ရေ၊ လေ တပ်မတော်တစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ မိမိကိုယ်ကို တပ်မတော်သားတစ်ဦးဖြစ်သည်ဟု ယုံကြည်စေရန် ကြံရွယ်ချက်ဖြင့် တပ်မတော်၏ စစ်အမှတ်အသားကို ကိုင်ဆောင်သူ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်းအား အမှုဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN