ရွှေညောင်မြို့တွင် စိတ်ကြွဆေးပြား ၆၉၀ ဖမ်းဆီးရမိ၊ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး အရေးယူခံရ

(မှုခင်း) နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် နိုဝင်ဘာ ၄ ရက်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့ရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၀ ပြားနှင့်အတူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က အမှတ် (၂၅) မူးယစ်တပ်ဖွဲ့စု၊ တောင်ကြီးမှ တပ်ဖွဲ့ဝင်များနှင့် ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ကူကြိုးဘုန်းကြီးကျောင်းတက်လမ်းအနီးတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်တစ်စီးတည်း မောင်းနှင်လာသည့် ပြည့်ဖြိုးအောင် (ခ) နေဆက်ကို တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြား၊ အလေးချိန် ၃၆ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၂၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးအောင် (ခ) နေဆက်၏ ထွက်ဆိုချက်အရ ၎င်းသည် အဆိုပါဆေးပြားများကို ရွှေညောင်မြို့၊ ရတနာရပ်ကွက်၊ နယ်မြေ (၁)၊ ဗန္ဓုလလမ်း၊ တိန်းစိန်ကျေးရွာနေ ဇော်ဇော်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် ၂ နာရီခွဲခန့်တွင် ဇော်ဇော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဇော်ဇော်နှင့် ဟိန်းထက်အောင် (ခ) ဖိုးညိုတို့ကို တွေ့ရှိခဲ့ပြီး ဟိန်းထက်အောင် (ခ) ဖိုးညို၏ ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြား၊ အလေးချိန် ၆ ဒသမ ၃ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၃၅,၀၀၀ ခန့်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဇော်ဇော်ထံမှမူ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခြင်းမရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၄ ရက် ည ၁၁ နာရီခွဲခန့်က ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ (၁)၊ သပြေလမ်းနေ အောင်စည်သူ၏ နေအိမ်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရာတွင် အောင်စည်သူ၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားနှင့် ဇနီးဖြစ်သူ ဟန်စုရင် (ခ) သဲပို၏ လွယ်အိတ်အတွင်းမှ ဆေးပြား ၃၀ ပြား၊ စုစုပေါင်း ဆေးပြား ၂၂၀ ပြား၊ အလေးချိန် ၁၉ ဒသမ ၈ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၁၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ပြည့်ဖြိုးအောင် (ခ) နေဆက်၊ ဇော်ဇော်၊ ဟိန်းထက်အောင် (ခ) ဖိုးညို၊ အောင်စည်သူနှင့် ဟန်စုရင် (ခ) သဲပိုတို့ ၅ ဦးကို ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။