


(ပြည်တွင်း) နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအနီးရှိ ရဲနွယ်ဆိုလာရေတင်စီမံကိန်းမှ ဌာနပိုင် Komatsu Dozer Class 2 စက်ယန္တရားတစ်စီးကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် နံနက် ၃ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအနီး ရဲနွယ်လက်ဝဲတူးမြောင်းမကြီး၊ လက်တံ (၁) အနီးရှိ ရဲနွယ်ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေသည့် ဌာနပိုင် Komatsu Dozer Class 2 စက်ယန္တရားကို အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုလာစနစ်ရေတင်စီမံကိန်းသည် ဒေသခံတောင်သူများ၏ နွေစပါးစိုက်ပျိုးမြေ ဧက ၁၂၀ အတွက် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းသုံး စက်ယန္တရား မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။