
(မှုခင်း) နိုဝင်ဘာ ၅
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၃/၄ နှင့် ၁၁၃/၅ ကြားတွင် Taxi ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားထိပ်ရှိ Guard Post တိုင်များကို ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ သွားရာ အသွားလမ်း၊ မိုင်တိုင် ၁၁၃/၄ နှင့် ၁၁၃/၅ ကြား၌ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး လိုက်ပါလာသည့် ခဲရောင် Toyota Vitz Taxi ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားထိပ်တွင် ကာရံထားသော Guard Post တိုင်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ခရီးမစတင်မီ မိမိယာဉ်၏ ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတိပေးထားသည်။
အမြန်လမ်းမကြီးပေါ်တွင် မှန်လုံခရီးသည်တင်ယာဉ်ကြီးများအား တစ်နာရီလျှင် ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များအား တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ၊ ကုန်တင်ယာဉ်နှင့် ပစ်ကပ်ယာဉ်များအား တစ်နာရီလျှင် ၆၀ ကီလိုမီတာနှုန်းသာ အများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားကြောင်း သိရသည်။