

(မှုခင်း) နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်တွင် နိုဝင်ဘာ ၄ ရက်က ဆိုလာပစ္စည်းအရောင်းဆိုင်နှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်တို့ကို အမည်မသိအမျိုးသားများက သေနတ်ဖြင့် ပစ်ဖောက်ကာ ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဖုန်း ၄ လုံး လုယူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၁၈ မိနစ်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဦးပြည့်စုံ၊ အသက် ၅၀ နှစ်၊ (ဘ) ဦးကျော်မိုး ပိုင်ဆိုင်သော Pro Solar Energy & LED Lighting Solar ဆိုင်သို့ အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ၅၅ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး သေနတ်အတိုဖြင့် နှစ်ချက်ပစ်ခတ်ကာ ငွေတောင်းခံခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိ ViewSonic ကွန်ပျူတာ ၂၁ လက်မနှင့် Acer ကွန်ပျူတာ ၂၄ လက်မတို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ငွေနှင့်ပစ္စည်းများ ပါသွားခြင်းမရှိသကဲ့သို့ လူထိခိုက်မှုလည်း မရှိခဲ့ကြောင်း သိရသည်။


ပစ်ခတ်မှုကျူးလွန်သူ အမျိုးသားသည် ဆိုင်ပြင်ပသို့ ထွက်ခွာပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ၅၅ လမ်းအတိုင်း တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ USA .38 Auto ကျည်ခွံအမျိုးအစား နှစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတာဝန်ရှိသူများက တရားခံဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ရွှေယဉ်မွန်ရပ်၊ ၅၈ လမ်း၊ ၃၂ လမ်းနှင့် ၃၂(A) လမ်းကြားရှိ ဦးကြည်လွင်၊ အသက် ၇၀ နှစ်၊ (ဘ) ဦးခင်မောင် ပိုင်ဆိုင်သော Lwin Mobile Phone အရောင်းဆိုင်သို့ အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး သေနတ်အတိုဖြင့် နှစ်ချက်ပစ်ဖောက်ကာ မှန်ကောင်တာကို ရိုက်ခွဲ၍ ဖုန်း ၄ လုံး လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများက တရားခံဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။