(မှုခင်း)နိုဝင်ဘာ ၂
စစ်ကိုင်းမြို့၊ ရတနာပုံတံတား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလတန်ဖိုး ကျပ် ၂ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀၇ သိန်းနှင့်အတူ တရားခံသုံးဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
အောက်တိုဘာ ၃၁ ရက် နံနက် ၈ နာရီခန့်က မန္တလေးမြို့မှ ကလေးမြို့သို့ သွားရောက်မည့် ယာဉ်မောင်း မျိုးနိုင်ဝင်း (ခ) ကိုမျိုး၊ မခင်မိမိစိုးနှင့် မထက်ထက်တို့လိုက်ပါလာသည့် Pajero မော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ဒက်စဘုတ်အောက်၊ ရှေ့တံခါးနှစ်ချပ်၊ ကြမ်းခင်းအောက်နှင့် ဆီတိုင်ကီတို့တွင် အံဝှက်များပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁ သောင်းစီပါ ၁၀၇ တောင့်၊ စုစုပေါင်း ၁၀၇ သိန်း( ဒေသတန်ဖိုး ကျပ် ၂ ဒသမ ၁၄ ဘီလီယံ)ကို သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီး စစ်ဆေးချက်များအရ အဆိုပါဆေးပြားများကို အောက်တိုဘာ ၂၂ ရက်ညတွင် စိုင်းမျိုးနိုင် (ခ) ကိုမိုးနှင့် အမည်မသိအမျိုးသားတစ်ဦးတို့က မျိုးနိုင်ဝင်း၏ နေအိမ်သို့ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဆေးပြားများကို ကလေးမြို့ရှိ အမည်မသိအမျိုးသားတစ်ဦးထံ ပို့ဆောင်ရန်ဖြစ်ပြီး ပို့ဆောင်ခအဖြစ် ကျပ်သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း မျိုးနိုင်ဝင်းက ထွက်ဆိုထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူသုံးဦးကို အသေးစိတ်စစ်ဆေးလျက်ရှိပြီး မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN