(ပြည်တွင်း) နိုဝင်ဘာ ၁
အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းရှိ တာဝါတိုင်များကို ပြန်လည်ပြုပြင်နေသည့် လုပ်ငန်းခွင်အား ယနေ့ နံနက်ပိုင်းတွင် FPV Drone များဖြင့် တိုက်ခိုက်ခဲ့ရာ စက်ကိရိယာနှင့် ယန္တရားများ ပျက်စီးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ယနေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် လုပ်သားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ပျက်စီးနေသည့် တာဝါတိုင်များကို ပြန်လည်ပြုပြင်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းရှိ ဓာတ်အားသုံးစွဲသူများထံ ပို့လွှတ်ပေးနိုင်ရန် တည်ဆောက်ထားသည့် အရေးပါသော ဓာတ်အားလိုင်းတစ်ခုဖြစ်သည်။
အဆိုပါ ဓာတ်အားလိုင်းရှိ တာဝါတိုင်များသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်၊ ဇန်နဝါရီ ၂၃ ရက်တို့တွင် အကြိမ်ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး နေရာအများအပြားတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပျက်စီးနေသည့် တာဝါတိုင်များကို ပြန်လည်ပြုပြင်နေစဉ် ထပ်မံတိုက်ခိုက်ခံခဲ့ရသော်လည်း အခက်အခဲအမျိုးမျိုးကြားမှ ဓာတ်အားလိုင်းပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်အားလိုင်း ပြုပြင်ရေးလုပ်ငန်းများ ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ခန့် ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN