(ပြည်တွင်း) နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ယနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်းက သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပထမဖြစ်စဉ်မှာ ညနေ ၆ နာရီ ၅၁ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ စိန်ရိပ်မြိုင်လမ်းတွင် သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၂၄ မိနစ်ခန့်ကလည်း သန်လျင်မြို့နယ်၊ အုပ်ဖိုစုရပ်ကွက်၊ အုပ်ဖိုစုသနပ်ပင်လမ်းတွင် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျမှုဖြစ်စဉ်နှစ်ခုတွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

Telegram – t.me/positiveanglenews
#PAN