(ပြည်ပအလုပ်အကိုင်) အောက်တိုဘာ ၃၀
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေပြီး ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာတွင် နိုဝင်ဘာ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် အသိပေးထုတ်ပြန်သည်။
ယခင်က ခွင့်ပြန်အလုပ်သမားများ၏ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားမှုများကို စာတိုက်၊ အမြန်ချောပို့နှင့် DHL စသည့် စာလမ်းကြောင်းများမှတစ်ဆင့် နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁) သို့ ပေးပို့လျှောက်ထားစေခဲ့ရာမှ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမသို့ နေရာပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများအနေဖြင့် Passport for Job (PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရမည်ဖြစ်သည့်အပြင် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုလည်း ကိုင်ဆောင်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအနေဖြင့် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာတွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသည့် အထောက်အထားနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် AD လိုင်စင်ရဘဏ်များ၊ Remittance Business License (RBL) လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် မိသားစုထံသို့ ၂၅ ရာခိုင်နှုန်း လွှဲပို့ထားသည့် အထောက်အထားများ တင်ပြရမည်ဖြစ်သည်။
အဆိုပါ မိသားစုလွှဲပို့ငွေအထောက်အထားအနေဖြင့် ခွင့်ဖြင့်ပြန်လာသည့်အချိန်နှင့် အနီးကပ်ဆုံး သုံးလစာ လွှဲပို့ထားမှုမှတ်တမ်းများအပါအဝင် သတ်မှတ်စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံတင်ပြနိုင်ပါက ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။OWIC ကတ် လုံးဝလျှောက်ထားရယူထားခြင်းမရှိသေးသည့် ခွင့်ပြန်အလုပ်သမားများကိုလည်း ကတ်အသစ်ပြုလုပ်ပေးမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးနေသူများ၊ သက်တမ်းတစ်နှစ်အောက်သာ ကျန်ရှိသူများနှင့် အလုပ်ပြောင်းလဲခြင်းကြောင့် ကတ်ပေါ်ရှိ သွားရောက်လုပ်ကိုင်မည့်နိုင်ငံ၊ ကုမ္ပဏီ သို့မဟုတ် အလုပ်ရှင်အချက်အလက်များ ပြင်ဆင်ရန်လိုအပ်သူများကိုလည်း OWIC ကတ်အသစ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပသို့ ပြန်လည်ထွက်ခွာရန် လျှောက်ထားလိုသည့် ခွင့်ပြန်အလုပ်သမားများအနေဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်ကာ သတ်မှတ်ထားသည့် စာရွက်စာတမ်းအထောက်အထားများ အပြည့်အစုံယူဆောင်ပြီး မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမသို့ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Telegram – t.me/positiveanglenews
#PAN