(ပြည်တွင်း) အောက်တိုဘာ ၂၉
အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ဖော်ဆောင်နိုင်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇရိုတို့ ယနေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ-ဖိလစ်ပိုင် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများ ပိုမိုခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာမီကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ထာဝရငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ်နှင့်ပတ်သက်၍လည်း အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကမူ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်အတွင်း တောင်ကြီးမြို့ရှိ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များကို လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ လေ့လာတွေ့ရှိချက်များကို မကြာမီကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ဖော်ဆောင်နိုင်မည့် မြန်မာနိုင်ငံဦးဆောင်သော နည်းလမ်းများ ရှာဖွေရေး၊ လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ MGallery Sofitel ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN