ဖိလစ်ပိုင်က ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် စာသင်ကျောင်းဆောင် ၉ ဆောင်နှင့် သာသနိကအဆောက်အအုံတစ်လုံး လှူဒါန်း

(ပြည်တွင်း) အောက်တိုဘာ ၂၉

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက အသင့်တပ်ဆင်စာသင်ကျောင်းဆောင် ၉ ဆောင်နှင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကိုးခမ်းကြီးဘုန်းကြီးကျောင်းတွင် တည်ဆောက်ထားသည့် RC တစ်ထပ် သာသနိကအဆောက်အအုံတစ်လုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။ အဆောက်အအုံမှာ အလျားပေ ၅၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိပြီး အသင့်တပ်ဆင်စာသင်ကျောင်းဆောင်များကို အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးနှင့် AHA Centre မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးအဖွဲ့များ စေလွှတ်ကူညီခဲ့သည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စာသင်ကျောင်းဆောင်များ၊ သာသနိကအဆောက်အအုံနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇရိုကလည်း ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရသည့် နိုင်ငံဖြစ်သဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ အခက်အခဲများကို နားလည်စာနာကြောင်း၊ ထောက်ပံ့လှူဒါန်းမှုများက ဘေးသင့်ပြည်သူများအတွက် အကျိုးရှိစေသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့်မြောက်သည့်ကာလတွင် လှူဒါန်းမှုများ လွှဲပြောင်းပေးအပ်နိုင်ခြင်းအတွက် ဂုဏ်ယူကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့သည် လယ်ဝေးမြို့ရှိ အထက (သပြေပင်) ကျောင်းသို့ သွားရောက်ကာ ဖိလစ်ပိုင်နိုင်ငံအစိုးရ လှူဒါန်းထားသည့် အသင့်တပ်ဆင်စာသင်ကျောင်းဆောင်ကို ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN