(မှုခင်း) အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်က ဝင်တိုက်မိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူ သုံးဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က ညောင်တုန်းမြို့နယ်၊ လက်ပံချောင်းကျေးရွာအနီး ညောင်တုန်း-တာကွေ့ကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာကွေ့ကျေးရွာဘက်မှ ညောင်တုန်းမြို့ဘက်သို့ မောင်းနှင်လာသည့် AYY-80W/XXXXX Honda Wave 110 ဆိုင်ကယ်သည် ရှေ့မှလမ်းလျှောက်နေသော အမှတ်(၆)ရပ်ကွက်နေ အသက် ၆၄ နှစ်အရွယ် ဒေါ်အမာကြည်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်ပါ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဒေါ်အမာကြည်မှာ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၁ နှစ်အရွယ် အောင်ထက်ကျော်နှင့် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကာ ဆိုင်ကယ်ကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ အောင်ထက်ကျော်အား ညောင်တုန်းမြို့မရဲစခန်းက ယာဉ် (ပ) ၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN