(နိုင်ငံတကာ) အောက်တိုဘာ ၂၂
CNA သတင်းဌာနက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထုတ်လွှင့်ခဲ့သည့် “မလေးရှား၏ ရိုဟင်ဂျာပဟေဠိ” အမည်ရှိ သတင်းမှတ်တမ်းအပေါ် နားလည်မှုလွဲမှားစေပြီး အခြေအမြစ်မရှိသည့် အကြောင်းအရာများ ပါဝင်သည်ဟုဆိုကာ မြန်မာသံရုံး ယာယီတာဝန်ခံ ဒေါက်တာ ဇော်မင်းအောင်က တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။
ကန့်ကွက်စာတွင် CNA သတင်းမှတ်တမ်း၌ မလေးရှားနိုင်ငံရှိ “ရိုဟင်ဂျာ” ဟု ခေါ်ဆိုသူများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရာစုနှစ်များစွာ နေထိုင်ခဲ့သည့် မွတ်စလင်တိုင်းရင်းသား လူနည်းစုဖြစ်ကြောင်း၊ မြန်မာအစိုးရက ၎င်းတို့ကို ဘင်္ဂါလီဟု ခေါ်ဆိုပြီး တရားဝင်တိုင်းရင်းသားအုပ်စုအဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုထားကြောင်း ဖော်ပြခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအစီအစဉ် အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံက ၎င်းတို့ကို ပြန်လည်လက်ခံလိုခြင်းမရှိကြောင်း သတင်းမှတ်တမ်းတွင် ဖော်ပြထားသည်ဟု ကန့်ကွက်စာ၌ ရေးသားထားသည်။
မလေးရှားနိုင်ငံရှိ “ရိုဟင်ဂျာ” ဟု ခေါ်ဆိုသူ ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်ခေါ်ယူရန် မြန်မာနိုင်ငံက သဘောတူထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်၏ ကြေညာချက်ကိုလည်း သတင်းမှတ်တမ်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိလုံခြုံရေးအခြေအနေကြောင့် နေရပ်ပြန်ခြင်းသည် ဘေးကင်းလုံခြုံမှုမရှိကြောင်း တင်ဆက်ခဲ့သည်ဟု ဆိုသည်။
ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ကန့်ကွက်စာတွင် မြန်မာနိုင်ငံ၌ “ရိုဟင်ဂျာ” ဟူသော အမည်ဖြင့် တိုင်းရင်းသားအုပ်စုတစ်စု ရှိကြောင်း ဖော်ပြမှုကို ပယ်ချထားပြီး ဗြိတိသျှကိုလိုနီခေတ် သန်းခေါင်စာရင်းများအပါအဝင် တရားဝင်သမိုင်းမှတ်တမ်းများတွင် “ဘင်္ဂါလီ” ဟူသော အသုံးအနှုန်းသာ ရှိကြောင်း အတည်ပြုထားသည်ဟု ဆိုသည်။
ထို့ကြောင့် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
သတင်းမှတ်တမ်းတွင် ပါဝင်သည့် အချက်အလက်များသည် ခိုင်လုံသော သမိုင်းအထောက်အထားများ မရှိသည့်အပြင် ကြည့်ရှုသူများကို နားလည်မှုလွဲမှားစေနိုင်သည့် စွပ်စွဲချက်များ ပါဝင်ကာ မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကြောင်းလည်း ကန့်ကွက်စာတွင် ရေးသားထားသည်။
မြန်မာအစိုးရအနေဖြင့် ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အထောက်အထားစိစစ်ပြီး မြန်မာနိုင်ငံသား ၈,၀၄၁ ဦးကို အပတ်စဉ်လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းနှင့် လေယာဉ်စရိတ် မတတ်နိုင်သည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာ့တပ်မတော် (ရေ) ၏ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာ၏ ဖိအားပေးမှုရရှိစေရန် ရည်ရွယ်သည့် နိုင်ငံရေးသွတ်သွင်းထားသော ထုတ်လွှင့်တင်ဆက်မှုများကို မြန်မာနိုင်ငံက ခိုင်မာစွာ ငြင်းဆိုကြောင်း၊ မလေးရှားရှိ မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် ဘင်္ဂါလီများဆိုင်ရာ ပြဿနာကို ချိတ်ဆက်ဖော်ပြ၍ မရကြောင်း ကန့်ကွက်စာတွင် ဆိုထားသည်။
CNA ၏ ထုတ်လွှင့်မှုတွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် အမုန်းတရားပွားများစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုများ ပါဝင်ကြောင်းလည်း ကန့်ကွက်စာက စွပ်စွဲထားသည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသည့် နိုင်ငံဖြစ်ပြီး ကိုးကွယ်ယုံကြည်မှု မတူညီသည့် ပြည်သူများ အတူတကွ သဟဇာတရှိစွာ နေထိုင်လျက်ရှိကြောင်း ဖော်ပြထားသည်။
နိဂုံးချုပ်အနေဖြင့် မြေပြင်အခြေအနေများကို မှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိသည့် CNA သတင်းမှတ်တမ်းပါ အတည်မပြုနိုင်သော အချက်အလက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာသံရုံး ယာယီတာဝန်ခံ ဒေါက်တာ ဇော်မင်းအောင်က လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

Telegram – t.me/positiveanglenews
#PAN