(ပြည်တွင်း) အောက်တိုဘာ ၂၂
“ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေး ရေးအစီအစဉ်” Maternal and Child Cash Transfer(MCCT) နဲ့အကျုံးဝင်တဲ့ ပြည်နယ်နဲ့တိုင်း ၇ ခုက အကျိုးခံစားခွင့်ရှိသူများအနေနဲ့ Mobile Pay နည်းလမ်းနဲ့ ထောက်ပံ့ကြေးတွေ ထုတ်ယူနိုင်ပြီလို့ လူမှုဝန်ထမ်းဦးစီးဌာနထံက သိရပါတယ်။

ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်တာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။
လူ့ဘဝအစရက်(၁၀၀၀)အတွင်း အာဟာရနဲ့ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေပြည့်မီပြီး ကလေးသူငယ်တွေရဲ့ ဦးနှောက်နဲ့ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။
MCCT အစီအစဉ်မှာပါဝင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေပါ။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ MCCT အစီအစဉ်မှာပါဝင်တဲ့ အကျိုးခံစားခွင့်ရှိသူတွေကို ထောက်ပံ့ ဖို့ သုံးလပတ် (၂)ကြိမ် (၆)လစာရန်ပုံငွေရရှိခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများအား အကျိုးခံစားခွင့်လ အလိုက်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွေကတစ်ဆင့် ၁၅-၁၀-၂၀၂၆ ရက်မှ ၆-၁-၂၀၂၇ ရက်အထိ အကျိုးခံစားခွင့်ရှိသူကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်တွေက နိုင်ငံသားအသိအမှတ်ပြုကတ်ပြား(မူရင်း)တွေ ယူဆောင်ပြီး သွားရောက်ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကျိုး ခံစားခွင့်ရှိသူတွေက ပေးထားတဲ့ဖုန်းနံပါတ်တွေဆီကို Mobile Pay နည်းလမ်းနဲ့ ၂၈-၁၀-၂၀၂၆ ရက်ကစပြီး ထောက်ပံ့ငွေတွေ လွှဲပြောင်းပေးသွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Telegram – t.me/positiveanglenews
#PAN
/https://positiveanglenews.com/2026/10/22/စပါးတင်း-၁၀၀-အခြေခံရည်ညွ/