MSME လုပ်ငန်းများ ချေးငွေရယူရာတွင် အာမခံပစ္စည်းမလိုသည့် ချေးငွေအစီအစဉ်များ ဆောင်ရွက်ရန်ရှိ

(စီးပွားရေး) အောက်တိုဘာ ၂၁

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ချေးငွေရယူရာတွင် ကြုံတွေ့နေရသည့် အာမခံပစ္စည်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်များ စီစဉ်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး မှတ်ပုံမတင်ရသေးသည့် လုပ်ငန်းများလည်း အများအပြားရှိကြောင်း သိရသည်။

မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းများအနက် ထက်ဝက်ကျော်မှာ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့လုပ်သားထုအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းကျော် ဖန်တီးပေးထားကြောင်း သိရသည်။

သို့သော် MSME လုပ်ငန်းအများစုသည် လုပ်ငန်းတိုးချဲ့ရန်နှင့် ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ချေးငွေရယူလိုကြသော်လည်း ဘဏ်များက တောင်းခံသည့် မြေနှင့် အဆောက်အအုံကဲ့သို့သော အာမခံပစ္စည်းများ ပေးအပ်နိုင်ခြင်းမရှိသည့်အတွက် ချေးငွေရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် အာမခံလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်များ စီစဉ်ဆောင်ရွက်ရန်ရှိသည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများအတွက်လည်း သီးသန့်အတိုးနှုန်းသက်သာသော ရေတိုနှင့် ရေရှည်ချေးငွေအစီအစဉ်များ ရှိနေကြောင်း သိရသည်။

အဆိုပါအစီအစဉ်များသည် အာမခံပစ္စည်းမရှိသည့် MSME လုပ်ငန်းများ ချေးငွေရယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေလျှော့ပေးနိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ခြင်း၊ ထုတ်လုပ်မှုမြှင့်တင်ခြင်းတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN