(ပြည်တွင်း) အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ခြောက်ဘီးကုန်တင်ယာဉ်နှင့် ၁၂ ဘီးကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ယာဉ်မောင်းနှစ်ဦးနှင့် မိသားစုဝင်နှစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် နံနက် ၁ နာရီခန့်က ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၇ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့မှ ပုသိမ်မြို့ဘက်သို့ မောင်းနှင်လာသည့် DONGFENG ခြောက်ဘီးယာဉ်နှင့် ပုသိမ်မြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးယာဉ်တို့သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်၌ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးယာဉ်မောင်း ကိုမင်းသန့်အောင် (၂၆ နှစ်)၊ ၁၂ ဘီးယာဉ်မောင်း ဦးစိုးမင်း (၃၆ နှစ်)၊ ၎င်း၏ဇနီး ဒေါ်ဇင်မာဝင်း (၃၃ နှစ်) နှင့် သမီးဖြစ်သူ မအိမ့်ခြူးမြတ် (၆ နှစ်) တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးဖြစ်သည့် ကိုမင်းသန့်အောင်နှင့် ဦးစိုးမင်းတို့ကို မဲဇလီနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၁၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews
#PAN