အင်းစိန်တွင် ခရီးသည်တင်ယာဉ်တိုက်မိ၍ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး သေဆုံး၊ ယာဉ်မောင်းကို အမှုဖွင့်

(ပြည်တွင်း) အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အုတ်ကျင်းဝမှတ်တိုင်အနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးက လမ်းဖြတ်ကူးနေသည့် အမျိုးသမီးတစ်ဦးကို ဝင်ရောက်တိုက်မိခဲ့ရာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်က အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းအတိုင်း အာလိန်ငါးဆင့်မီးပွိုင့်မှ အင်းစိန်ပန်းခြံဘက်သို့ မောင်းနှင်လာသည့် YUTONG ခရီးသည်တင်ယာဉ်သည် အုတ်ကျင်းဝမှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးနေသည့် နံ့သာကုန်းရပ်ကွက်နေ ဒေါ်ကြည်ကြည်မြင့် (၇၂ နှစ်) ကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်ကြည်ကြည်မြင့်သည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ကို မောင်းနှင်သူ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ဦးထွန်းထွန်းဝေ (၃၇ နှစ်) ကို ယာဉ်မဆင်မခြင် မောင်းနှင်မှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၃၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews

#PAN