(နိုင်ငံတကာ) အောက်တိုဘာ ၁၉
ထိုင်းနိုင်ငံရှိ လေဆိပ်များတွင် လုံခြုံရေးစစ်ဆေးမှုအတွင်း သံသယဖြစ်ဖွယ်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများ သို့မဟုတ် အန္တရာယ်ရှိနိုင်သည့် ပစ္စည်းများ တွေ့ရှိပါက ခရီးသည်မရှိသည့်အချိန်၌လည်း မှတ်ပုံတင်အပ်နှံထားသော ခရီးဆောင်အိတ်များကို ဖွင့်လှစ်စစ်ဆေးနိုင်မည့် စည်းမျဉ်းသစ်သည် အောက်တိုဘာ ၁၆ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ပလိုင်းသလေး လတ်ဆမီဆန်ဂျန် (Ploythalay Laksameesaengjan) က ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းသစ်အရ ခရီးဆောင်အိတ်များကို ဖွင့်လှစ်စစ်ဆေးရာတွင် လုပ်ငန်းစဉ်တစ်ခုလုံးကို ဗီဒီယိုမှတ်တမ်းတင်ထားရမည်ဖြစ်သည်။
ထို့ပြင် အိတ်ကို ဖွင့်စစ်ဆေးခဲ့ကြောင်း ခရီးသည်သိရှိနိုင်ရန် “Notice of Baggage Inspection” အသိပေးစာကိုလည်း အိတ်အတွင်း ထည့်ထားမည်ဖြစ်သည်။
သို့သော် အိတ်များကို ပုံမှန်အတိုင်း အားလုံးဖွင့်စစ်ဆေးမည်မဟုတ်ဘဲ လုံခြုံရေးစစ်ဆေးမှုတွင် သံသယဖြစ်ဖွယ်ပစ္စည်းများ တွေ့ရှိသည့်အခါမှသာ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမည်ဖြစ်ကြောင်း CAAT က ရှင်းလင်းထားသည်။
ခရီးသည်များအနေဖြင့် ခရီးဆောင်အိတ်အတွင်း တားမြစ်ပစ္စည်းများနှင့် အန္တရာယ်ရှိသည့် ပစ္စည်းများ မပါဝင်စေရန် ကြိုတင်စစ်ဆေးသင့်ကြောင်း တာဝန်ရှိသူများက အကြံပြုထားသည်။
ထို့ပြင် လုံခြုံရေးစစ်ဆေးမှုအတွက် TSA စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် သော့ခလောက်များ အသုံးပြုရန်နှင့် တန်ဖိုးကြီးပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများ၊ အလွယ်တကူပျက်စီးနိုင်သည့် ပစ္စည်းများကို မှတ်ပုံတင်အပ်နှံသည့် ခရီးဆောင်အိတ်အတွင်း မထည့်ထားရန်လည်း အကြံပြုထားသည်။
စည်းမျဉ်းသစ်သည် လေကြောင်းလုံခြုံရေးကို မြှင့်တင်ရန်နှင့် ခရီးသည်များကို လာရောက်ခေါ်ယူပြီးမှ အိတ်ဖွင့်စစ်ဆေးရသည့်အတွက် ဖြစ်ပေါ်နိုင်သော ခရီးစဉ်နှောင့်နှေးမှုများကို လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN