(မှုခင်း) အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကံသာရပ်ကွက်၊ တိန်နန်းတံတားအနီးရှိ View Point Restaurant Eco Lodge တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အခန်း ၂ ခန်း ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆ သိန်းကျော်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဧည့်သည်မရှိသည့် အခန်းအမှတ် (၃၀၁) ၏ မျက်နှာကျက်ပေါ်တွင် တပ်ဆင်ထားသော ပန်ကာမော်တာကွိုင် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခန်းအမှတ် (၃၀၂) သို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ရွှေမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အခန်း ၂ ခန်းရှိ ပရိဘောဂများနှင့် ဝါးသက်ကယ်မိုးများ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁,၆၈၀,၀၀၀ ခန့်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုမှုကြောင့် View Point Restaurant Eco Lodge ဟိုတယ်မန်နေဂျာ ဦးထွန်းထွန်းအား ညောင်ရွှေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN