(စီးပွားရေး) အောက်တိုဘာ ၁၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သန်လျင်ရေနံချက်စက်ရုံစီမံကိန်း (အပိုင်း ၁) ရေနံချက်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ အဆိုပါစက်ရုံ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေနံစိမ်းကုန်ကြမ်း ဖူလုံရေး၊ ပြည်ပစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးတို့အတွက် လိုအပ်သည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
စက်ရုံလည်ပတ်မှုနှင့်ပတ်သက်၍ ကုန်ကြမ်းဖူလုံမှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည်အသွေးနှင့် စီးပွားရေးအကျိုးအမြတ်တို့ကို ဟန်ချက်ညီစွာ စီမံဆောင်ရွက်ရန်နှင့် စက်ရုံ၏ လုပ်ငန်းလည်ပတ်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရန် မှာကြားခဲ့သည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်၍ ဉာဏ်ရည်တု (AI) အပါအဝင် ခေတ်မီနည်းပညာများ အသုံးပြုကာ ပြည်တွင်းရေနံထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်လည်း လမ်းညွှန်ခဲ့သည်။
တိုးချဲ့ရေနံချက်စက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်၍ အဆင့်မြင့်စက်သုံးဆီနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဓာတ်ဆီနှင့် ဒီဇယ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးတို့အတွက် ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် ပြည်ပမှ တင်သွင်းရမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်၊ ထုတ်လုပ်မှုမှ ဖြန့်ဖြူးမှုအထိ ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပေါင်းစပ်အသုံးပြုကာ စွမ်းအင်ချွေတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
အလားတူ Digital၊ Automation နှင့် AI နည်းပညာများကို အသုံးပြု၍ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။
စက်ရုံလည်ပတ်ရာတွင် မီးဘေးနှင့် အရေးပေါ်အန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ စက်ပစ္စည်းများ ပုံမှန်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN