(မှုခင်း)အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာမှ ငွေချေးပေးသူအား ငွေချေးသူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်က မုဒွန်းကျေးရွာ၊ ရပ်ကွက်(၂)နေ ဒေါ်နီနီလွင် (၄၇)နှစ်သည် နေအိမ်၌ရှိနေစဉ် ၎င်းထံမှငွေချေးယူထားသူ မျိုးချစ်(ခ)ကိုချစ်(၃၈)နှစ်မှ ငွေပြန်လည်ပေးဆပ်မည်ဖြစ်၍ ကတောင်စိန်ကျေးရွာ မေတ္တာသီတဂူတောရကျောင်းသို့ လာယူရန်ဖုန်းဆက်ပြောဆိုသဖြင့်ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်(၅၂)နှစ်နှင့် အတူ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သော်လည်း မျိုးချစ်(ခ)ကိုချစ်အား တွေ့ရှိခြင်းမရှိသဖြင့် ဖုန်းခေါ်ဆိုခဲ့ရာ မျိုးချစ်(ခ)ကိုချစ်မှ ဘုန်းကြီးကျောင်းအပြင်ဘက်သို့ လာခဲ့ရန်ပြောဆို၍ ဘုန်းကြီးကျောင်းအဝင် မုခ်ဦးဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်ထွက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ဘုန်းကြီးကျောင်းနှင့် မုခ်ဦးကြား လမ်းအလယ်အရောက်တွင် ဆိုင်ကယ်အားရပ်တန့်ကာ ခင်ပွန်းဖြစ်သူမှ ဆိုင်ကယ်ပေါ်မှ ဆင်းကြည့်စဉ် သေနတ်သံကြားရပြီးခင်ပွန်းဖြစ်သူမှ “ကယ်ကြပါဦး”ဟု အော်ဟစ်ကာ ဆိုင်ကယ်အား အမြန်မောင်းနှင်ပြန်လာစဉ် လမ်းတစ်ဝက်အရောက်၌ ခင်ပွန်းဖြစ်သူမှာ ဆိုင်ကယ်မောင်းနှင်နိုင်ခြင်းမရှိတော့သဖြင့် အနီးဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံနေစဥ် လမ်းမပေါ်တွင်မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် ကညှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဒဏ်ရာကြောင့် ဦးဝင်းအောင်တွင် ယာဘက်ဂျိုင်းအောက် သေနတ်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ဝဲဘက် သေနတ်ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ရရှိထားကြောင်း သိရှိရသဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ကုသခဲ့ရကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့ ပူးပေါင်းအဖွဲ့မှ လိုက်လံစုံစမ်းရာ ချောင်းဆုံအရှေ့ရပ်ကွက်၊ ကမ္ဘောဇဘဏ်အနီးတွင် မျိုးချစ်(ခ)ကိုချစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့်သေနတ်အား အခင်းဖြစ်လမ်းဘေးတစ်နေရာ၌ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုချက်အရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေစဉ် အခင်းဖြစ်နေရာ အနီးရှိတောစပ်မှ ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် တူရကီနိုင်ငံထုတ် ZORAKI M-906T အမျိုးအစား၊ .380 (မ)ကိုင်ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်ခွံ ၃ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ လူ့အသက်သေဆုံးစေရန်ကြံရွယ်ပြီး သေနတ်ဖြင့်ပစ်ခတ်၍ နာကျင်ဒဏ်ရာများ ရရှိစေသူ မျိုးချစ်(ခ)ကိုချစ်အား အမှုရေးဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN