(ပြည်တွင်း)အောက်တိုဘာ ၁၄
လူမှုကွန်ယက်ပေါ်တွင် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၏အမည်ကို အသုံးပြု၍ အလှူငွေများလှူဒါန်းနိုင်ကြောင်း လိမ်လည်၍ ကြေညာဆောင်ရွက်နေသူများကို ဥပဒေအရအမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
မဟာမုနိဘုရားကြီးအား ရွှေစင်ရွှေပြားများလှူဒါန်းခြင်း၊ ညရုံခြုံထည်သင်္ကန်းအလှူခံခြင်း အပါအဝင် လှူဒါန်းမှုများကို ဂေါပကအဖွဲ့အမည်သုံးစွဲလျက် TikTok mahamunibuddha11 & mahamuni Pagoda Trustees၊ တာဝန်ခံ K-pay( Ei Ei Phyoe )အမည်တို့ဖြင့် အလှူငွေများလှူဒါန်းနိုင်ကြောင်း လူမှုကွန်ယက်တွင် လိမ်လည်၍ ကြေညာဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဆိုပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ အကောင့်အတုများဖြင့် လှူဒါန်းမှုမပြုလုပ်ကြရန်၊ ၎င်းအကောင့်(၂)ခုသည် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အမည်သုံး၍ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိနိုင်ပါရန်နှင့်၊ ၎င်းအကောင့် K-pay အား သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားကာ ပိတ်သိမ်းရေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လူမှုကွန်ယက် Online အသုံးပြုလိမ်လည်သဖြင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁ဝ)ရဲစခန်း ပထမသတင်းပေးချက်အမှတ် (၈၁/၂ဝ၂၆) ဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေအရအမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အသိပေးကြေညာထားသည်။

Telegram – t.me/positiveanglenews
#PAN