အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီစဉ်ဘေးမှ လိုက်ပါပူဇော်သည့် ရွာမလှေယာဉ်မယ်တစ်စင်း နစ်မြုပ်

(ပြည်တွင်း) အောက်တိုဘာ ၁၄

သျှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီပူဇော်စဉ် ဘေးမှ လိုက်ပါပူဇော်သည့် ရွာမ လှေယာဉ်မယ်တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့သော်လည်း အနီးပတ်ဝန်းကျင်မှ အချိန်မီ ကူညီကယ်ဆယ်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘ ဘေးကင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ အင်းတိမ်ကျေးရွာမှ ဟဲယာရွာမကျေးရွာသို့ ဒေသစာရီ ကြွချီပူဇော်စဉ် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဒေသစာရီ ခရီးစဉ်အတွင်း စက်လှေများ ကျော်တက် မောင်းနှင်ရာမှ ဖြစ်ပေါ်လာသည့် ရေလှိုင်းများ ဝင်ရောက် ရိုက်ခတ်ခဲ့သဖြင့် အမျိုးသမီး ၂၀ ကျော် လိုက်ပါစီးနင်းလာသည့် ရွာမ လှေယာဉ်မယ်မှာ အရှိန်မထိန်းနိုင်ဘဲ ရေထဲသို့ နစ်မြှုပ်သွားခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့ လှေယာဉ်မယ် နစ်မြှုပ်မှု ဖြစ်ပွားခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကူညီရေး လှေများက အလျင်အမြန် သွားရောက် ကူညီကယ်ဆယ်ပေးနိုင်ခဲ့သဖြင့် လှေပေါ်ပါ လိုက်ပါသူများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆယ်ယူနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။