
(နိုင်ငံတကာ) အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသအခြေစိုက် “ဝေ” (Wei) မိသားစုနှင့် ဆက်နွှယ်သည့် အွန်လိုင်းငွေလိမ်လည်မှုနှင့် ရာဇဝတ်ဂိုဏ်းအမှုတွင် အဓိက တရားခံ ၃ ဦးအား တရုတ်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါအမှုကို တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ရှိ ခွမ်ကျိုး (Quanzhou) မြို့ အလယ်အလတ်အဆင့် ပြည်သူ့တရားရုံးနှင့် နန်အန်း (Nan’an) မြို့ ပြည်သူ့တရားရုံးတို့က အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပထမအကြိမ် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဒဏ် ချမှတ်ခံရသူ ၃ ဦးမှာ ဝေဟွိုင်ရန် (Wei Huairen)၊ ချန်တာဝေ (Chen Dawei) နှင့် လျောင်ကျင်းဖန်း (Liao Jingfang) တို့ဖြစ်ပြီး ၎င်းတို့အနက် တရားခံ ၃ ဦးအား ထောင်ဒဏ် တစ်သက်တကျွန်းနှင့် ကျန်တရားခံ ၅၅ ဦးအား ထောင်ဒဏ် ၃ နှစ် ၃ လမှ ၂၄ နှစ်အထိ အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။
တရားရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် ၂၀၁၉ ခုနှစ်မှစတင်ကာ လောက်ကိုင်မြို့၌ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)၊ တရားမဝင် လောင်းကစား၊ ငွေညှစ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု စသည့် ပြစ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် ငွေပမာဏမှာ တရုတ်ယွမ် ၁၂.၂ ဘီလီယံကျော်ရှိပြီး လက်နက်ကိုင် အင်အားသုံး၍ လူသတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)နှင့် ဆက်နွှယ်သည့် ရာဇဝတ်ဂိုဏ်းများအား အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ အမြစ်ပြတ် တိုက်ဖျက်လျက်ရှိပြီး ယခင်ကလည်း ကိုးကန့်ဒေသမှ Ming မိသားစုနှင့် ဆက်နွှယ်သူများကိုလည်း ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြထားသည်။