ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သစ် ဖွဲ့စည်းရန် လျှောက်ထားသူ ၂၀ ဦးကို စိစစ်ရွေးချယ်

(ပြည်တွင်း) အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေး လျှောက်ထားသူ ၂၀ ဦးကို စိစစ်ရွေးချယ်ခြင်းကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါစိစစ်ရွေးချယ်မှုသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ပြည်နယ်သာသနာရေးမှူး ဦးလှမော်၊ ကျိုက်ထိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ဂေါပကအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးတင်စိုးနှင့် ဦးသိန်းဇော်တို့ တက်ရောက်ခဲ့ကြသည်။

စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက လျှောက်ထားသူ ၂၀ ဦးကို တစ်ဦးချင်းတွေ့ဆုံကာ ကျန်းမာရေးအခြေအနေ၊ ပညာအရည်အချင်း၊ ဂေါပကအဖွဲ့၏ တာဝန်နှင့် လုပ်ငန်းစဉ်များအပေါ် နားလည်သိရှိမှု၊ တာဝန်ထမ်းဆောင်နိုင်မှုတို့ကို မေးမြန်းစိစစ်ခဲ့ကြသည်။

လျှောက်ထားသူများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ထပ်မံစိစစ်ရွေးချယ်ပြီးနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သစ်အဖြစ် ဖွဲ့စည်းကာ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN