

(ပြည်တွင်း) အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု (Online Scam) များ အများဆုံး အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အပြီးတိုင် ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ၁၃ ထပ် အဆောက်အအုံတစ်လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲ ဖြိုချခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် လူမှုစီးပွား နယ်ပယ်ကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ အထူးအလေးထား နှိမ်နင်းလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချမည့် အဆောက်အအုံ၊ ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံနှင့် လူအင်အားဖြင့် တစ်လွှာချင်း ဖြိုချမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားသတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် ၁၃ ထပ် အဆောက်အအုံတစ်လုံးအား ယမ်းဖြင့် အလုံးစုံ ဖောက်ခွဲဖြိုချနိုင်ခဲ့သည်။ ထို့အပြင် ယာဉ်ယန္တရားများဖြင့် ဖြိုချလျက်ရှိသည့် ငါးထပ် အဆောက်အအုံတစ်လုံးမှာ ၉၀ ရာခိုင်နှုန်း ဖြိုချပြီးစီးခဲ့ပြီး အခြားငါးထပ် အဆောက်အအုံတစ်လုံးမှာ ၂၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ကျန်ရှိသော တရားမဝင် အဆောက်အအုံများကို စနစ်တကျ ဆက်လက် ဖြိုချဖျက်ဆီးသွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြည်တွင်းအင်အားစုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ ရှာဖွေစစ်ဆေး နှိမ်နင်းလျက်ရှိကြောင်း သိရှိရသည်။